Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာရေလုပ်သား ၁ ဦး ရေထဲပြုတ်ကျ၊ လှေဦးစီး မကယ်သဖြင့် သေဆုံးဟုဆို  
DVB
·
July 24, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်မြို့နယ်က မြန်မာရေလုပ်သား ၁ ဦးဟာ ပင်လယ်ထဲ ငါးဖမ်းထွက်ရင်း အလုပ်လုပ်နေစဉ် ရေထဲ ပြုတ်ကျသွားခဲ့ပေမယ့် ပဲ့နင်းလှေဦးစီးက အရေးတယူ မကယ်ဆယ်ပေးခဲ့တာကြောင့် မသေသင့်ဘဲ သေဆုံးသွားခဲ့ရတယ်လို့ အလုပ်သမား ကူညီစောင့်ရှောက်ရေး AAC  မဟာမိတ်အဖွဲ့က ပြောပါတယ်။ 

အသက် ၂၀ အရွယ် မောင်ချစ်မင်းသူ ဆိုသူ ရေလုပ်သား ၁ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် မနက်က လှေဦးစီး၊ လုပ်ဖော်ကိုင်ဖက် အလုပ်သမား၊ အစ်ကိုဖြစ်သူတို့နဲ့အတူ ငါးဖမ်းထွက်ခဲ့ကြကြောင်း၊ လှေဦးစီးက ခိုင်းတဲ့အလုပ် လုပ်ပေးရင်း ရေထဲပြုတ်ကျပေမယ့် လူကို ချက်ချင်းမကယ်ဘဲ အလုပ်ကိုသာ အရင်ပြီးအောင်လုပ်ခိုင်းလို့ သေဆုံးသွားရတယ်၊ ဒါကြောင့် တရားဥပဒေအရ လိုအပ်သလို ကူညီဆောင်ရွက်ပေးဖို့ အလုပ်သမားတွေက လာရောက်တိုင်တန်းထားတယ်လို့  AAC ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“ထိုင်းလှေဦးစီးက သူ့ကို တိုင်မှာချည်ထားတဲ့ကြိုး သွားဖြုတ်ခိုင်းတယ်၊ ကြိုးဖြုတ်နေရင်း လှိုင်းပုတ်လာတော့ ဟန်ချက်ပျက်ပြီး သူ ဖြုတ်နေတဲ့ကြိုးက သူ့ကိုရစ်ပတ်ပြီး ရေထဲ ပြုတ်ကျသွားတာ။ ကျကျချင်း သူ့အစ်ကိုနဲ့ ကျန်တဲ့ အလုပ်သမားတွေက ကယ်ဖို့ ဝိုင်းအော်တာကို လှေဦးစီးက ဂရုမစိုက်ဘူး၊ ကောင်လေးကို ကယ်ရင် ပိုက်ကွန်ကို ဖြတ်ချလိုက်ရမှာလေ၊ အဲဒါကို နှမြောနေတာ၊ ချက်ချင်းမကယ်ဘူး။ လှေပေါ်က လူတွေက ကယ်ဆယ်ရေးကို လှမ်းအကြောင်းကြားတယ်၊ ကယ်ဆယ်ရေးနဲ့ ရေငုပ်မားတွေ ရောက်လာတော့ လှေဦးစီးက ဘယ်သူက ခေါ်လိုက်တာလဲ ဘာညာနဲ့ အလုပ်သမားတွေကို အော်ငေါက်သေးတယ်။ ညနေ ၂ နာရီလောက်မှ အဲဒီနေရာမှာ ပြန်သွားရှာတာ၊ ပြန်တွေ့တော့ အလောင်းဖြစ်နေပြီ။ ဒါတောင်မှ သူ့အစ်ကိုပါလို့ အတင်းပြောလို့ရှာပေးတာ၊ တခြားလုပ်သား ဆိုရင် ပစ်ထားမှာ။ အလောင်းရလာတော့လည်း လှေပေါ်အတင်မခံလို့  ကြိုးနဲ့ပတ်ပြီး ရေထဲကနေ ဆွဲလာရတယ်တဲ့။”

မောင်ချစ်မင်းသူရဲ့ အလောင်းကို မနေ့က သင်္ဂြိုဟ်ခဲ့ပြီး အသုဘစရိတ်ကို လှေပိုင်ရှင်က အကုန်အကျခံပေးခဲ့ပေမယ့် ဓာတ်ပုံမရိုက်ရ လူမှုကွန်ရက်ပေါ် မတင်ရဆိုပြီး ကန့်သတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

လှေဦးစီးရဲ့ လုပ်ရပ်ကို မခံမရပ်နိုင်တာကတကြောင်း၊ လုပ်ငန်းခွင်တွင်း မတော်တဆ ထိခိုက်မှုအတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေရရှိဖို့ ဒီကနေ့မနက် ခေါင်တန်နယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့  ဦးခိုင်ကြီးက ပြောသွားပါတယ်။ 

မောင်ချစ်မင်းသူဟာ ပဲခူးတိုင်း ဖြူးမြို့နယ် ကထိုးခင်ကျေးရွာ ဇာတိလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024