Home
ဆောင်းပါး
လူချွန်လူကောင်းများ ဝိုင်းတည်နေတဲ့ နိုင်ငံတော်သစ်
DVB
·
July 24, 2023

ဒီကနေ့ မြန်မာနိုင်ငံမှာ ဆွေးမြည့်ဟောင်းမြင်းနေပြီဖြစ်တဲ့ စစ်အာဏာရှင်စနစ်အိုကြီးကို တတ်သိနားလည်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားတွေ၊ လယ်သမား၊ အလုပ်သမား၊ တတ်သိပညာရှင်၊ လူထုလူတန်းစားပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံက သိတတ်နားလည်ကြတဲ့ လူချွန်လူကောင်းတွေအားနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နေကြချိန် ဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းမှာပဲဖြစ်ဖြစ်၊ မြန်မာ့သမိုင်းကိုပဲ ပြန်ကြည့်ကြည့် အရည်အချင်းရှိ ထက်မြက်ရုံသာမက အမြော်အမြင်ဉာဏ်ရှိတဲ့ လူချွန်လူကောင်းတွေ တည်ဆောက်စုရုံး ဝိုင်းဝန်းတည်ထောင်ကြတဲ့အခါ ယဉ်ကျေးမှုမြင့်မားတဲ့ လူ့အဖွဲ့အစည်းတွေ၊ ခမ်းနားကြီးကျယ်တဲ့ တိုင်းနိုင်ငံကြီးတွေ ပေါ်ထွန်းလာရစမြဲဖြစ်ပြီး လူသားတွေ၊ နိုင်ငံသူ နိုင်ငံသားတွေလည်း ကောင်းကျိုးချမ်းသာတွေ ရရှိခံစားကြရပါတယ်။

တခြားတဖက်က ဆန့်ကျင်ဘက်ဖြစ်စဉ် သမိုင်းတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း လုပ်ရည်ကိုင်ရည် ညံ့ဖျင်းပြီး ကိုယ်ကျင့်သီလ ယုတ်ညံ့နိမ့်ကျတဲ့ ခေါင်းဆောင်နဲ့ အကျင့်ပျက် ခြစားကြတဲ့ နောက်လိုက်ဗိုလ်ပါတွေ၊ စာရိတ္တ ဝါရိတ္တ ပျက်ပြားတဲ့သူ ပေါများလာပြီး လောကပါလတရား ဗြဟ္မစိုရ်တရား ၄ ပါး ခန်းခြောက်ကုန်တဲ့ တိုင်းနိုင်ငံတွေ၊ တရားမဲ့တဲ့ အုပ်ချုပ်ပုံစနစ်တွေ၊ လူ့အဖွဲ့အစည်းတွေဟာ ဘုန်းဘုန်းလဲကျ ပျက်သုဉ်းပျောက်ကွယ်ကြရမြဲ ဖြစ်ပါတယ်။

ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊‌ တတိယမြန်မာနိုင်ငံတော်၊ စတုတ္ထမြန်မာနိုင်ငံတော် (လက်ရှိပြိုကျဆဲ) တွေရဲ့ ပေါ်ထွန်းလာခြင်းနဲ့ ပျက်သုဉ်းရခြင်း အကြောင်းတရားတွေ စေ့ငုလိုက်ရင်လည်း တဦးကောင်း တယောက်ကောင်းနဲ့ တည်ခဲ့တာ မဟုတ်ဘဲ ခေါင်းဆောင်‌ကောင်းနဲ့အတူ လူချွန်လူကောင်းတွေရဲ့ ပေါင်းစုအားနဲ့ တည်‌ထောင်ခဲ့ရတာ ဖြစ်သလို ပျက်သုဉ်းခဲ့ရတာဟာလည်း ညံ့ဖျင်းတဲ့ ခေါင်းဆောင်ဆိုးနဲ့ ကိုယ်ကျင့်ပျက်ပြားတဲ့ နောက်လိုက်အစုအဝေးကြောင့် တစတစ ယိုယွင်းလာပြီး အဆုံးသတ်ခဲ့ကြရတာကို တွေ့ရပါတယ်။

အနီးဆုံးသာဓကကတော့ ရိုးသားထက်မြက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော် ၃ ကျိပ်၊ မြန်မာပြည်အနှံ့အပြားက မတရားမှုကို လက်မခံကြတဲ့ မြေပေါ်မြေအောက် နိုင်ငံ‌ရေး အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ စတဲ့ လူချွန်လူကောင်းတွေရဲ့ ပေါင်းစုတော်လှန်မှုနဲ့ ကျူးကျော်သူ ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တော်လှန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလိုနဲ့ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး စတုတ္ထမြန်မာနိုင်ငံ ပေါ်ထွန်းလာခဲ့ပြီးတဲ့နောက် ပါလီမန်ဒီမိုကရေစီစနစ်နဲ့ နိုင်ငံကို လူချွန်လူကောင်းတွေရဲ့ ပေါင်းစုအားနဲ့ တည်ဆောက်ခဲ့ရာမှာ အရှေ့တောင်အာရှမှာ အတောက်ပဆုံး၊ အိမ်နီးချင်းနိုင်ငံတွေက အားကျ စံနမူနာ ထားရတဲ့ အတိုးတက်ဆုံးနိုင်ငံအဖြစ် ၁၀ နှစ်အတွင်း ရောက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ်ကျင့်သီလယုတ်ညံ့တဲ့ အာဏာရှင်နေဝင်းနဲ့ စစ်ဓားပြတအုပ်က လက်နက်အားကိုးနဲ့ ဗိုလ်ကျလို့ ပြည်သူ့အာဏာကိုလုယူပြီး နိုင်ငံတော်ရဲ့ အိမ်ဦးခန်းမှာ မောင်ပိုင်စီးကတည်းက အကျင့်ပျက်ခြစားမှု ကင်ဆာရောဂါဆိုးကြီး တနိုင်ငံလုံး ကူးစက်ပြန့်ပွားပြီး ကျက်သရေမဲ့စွာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် ရောက်ခဲ့ရတာဟာ အခုနောက်ဆုံး အာဏာရှင် သမ္မတရူး မင်းအောင်လှိုင် လက်ထက်မှာတော့ စစ်သားယုတ်၊ လူယုတ်၊ ဘုန်းကြီးယုတ်တွေ ကြီးစိုးမင်းမူတာ အဆိုးဝါးဆုံးအဆင့် ရောက်ရှိပြီး ပျက်သုဉ်းနိုင်ငံအဖြစ်‌ ပြိုကွဲကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီနိုင်ငံသစ် (သို့) ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်ကြဖို့ ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးမှာ အသက်နဲ့ ဘဝတွေ ပုံအောပေးဆပ် ပါဝင်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေကို ကြည့်လိုက်မယ်ဆိုရင် လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံက လူအညတြ အာဇာနည် ပြည်သူလူထုကြီးကို တွေ့ရမှာ ဖြစ်ပါတယ်။

လယ်သမား၊ အလုပ်သမား၊ သာမန် အရပ်သူအရပ်သား၊ မြို့ပြကျေးလက်က ပြည်သူတွေ၊ ရိုးသားတည်ကြည်ကြတဲ့ တိုင်းရင်းသားတွေ၊ အမှန်တရားကို မြတ်နိုးကြတဲ့ အမျိုးကောင်းသမီးတွေ၊ ရဲရင့်ပြတ်သားကြတဲ့ ကျောင်းသူကျောင်းသားတွေ အသိပညာ အတတ်ပညာရှင်တွေဖြစ်တဲ့ ဆရာ ဆရာမတွေ၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ အနုပညာသည်၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ၊ ကဗျာဆရာတွေ၊ ဘူမိဗေဒပညာရှင်၊ သစ်တောပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ သတ္တုတွင်းပညာရှင်၊ အားကစားသမား၊ လက်ဝှေ့ကျော်တွေ ပါသလို ကွမ်းယာရောင်းသူ၊ ပန်းရောင်းသူ၊ အချဉ်ပေါင်းရောင်းသူ စတဲ့ ဈေးသူဈေးသားတွေ၊ လက်လုပ်လက်စားတွေ စတဲ့ သိတတ် နားလည်ကြတဲ့ လူချွန်လူကောင်းတွေ ပေါင်းစုပါဝင်ကြတာကို ဝမ်းမြောက်အားရစဖွယ် တွေ့ကြရပါတယ်။

ဒါကြောင့်မို့လို့လည်း နိုင်ငံကျော်တေးပြုစာဆို အလင်္ကာကျော်စွာ မြို့မဆရာငြိမ်းဟာ ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၀ ကျော်ကာလမှာ စတုတ္ထမြန်မာနိုင်ငံကြီး အားကောင်းမောင်းသန် ပေါ်ထွန်းလာရေးကို ရည်မျှော်လို့ တိုင်းနိုင်ငံ လူ့ဘောင်အဖွဲ့အစည်း တရပ် တိုးတက်ကြီးပွားအောင်မြင်ဖို့ အသိဉာဏ်ရည်မြင့်မား စွမ်းရည်ထက်မြက်ပြီး အကျင့်သီလကောင်းတဲ့ လူကောင်းလူမှန်တွေ စုပေါင်းအားနဲ့ တည်ဆောက်ဖို့ လိုအပ်ကြောင်းကို “လူချွန်လူကောင်း” လို့ သူအမည်ပေးထားတဲ့ ဂန္ထဝင်တေးသီချင်းကို အောက်ပါအတိုင်း ပြောင်မြောက်စွာ စပ်ဆိုပြီး တွန်းအားပေးခဲ့ပါတယ်။

လူချွန်လူကောင်း

ရှုမဆုံးတော့သည်

စိမ်းလဲ့လဲ့နှစ်စဉ်

လယ်ကွင်းတွေက

တစ်မျှော်တစ်ခေါ်စိုပြေလွင်

ရိတ်သိမ်းချိန်ဆိုပြန်လျှင်

ဝင်းမှည့်ရွှေစင်အိလို့ပင်

စပါးအနှံတွေနဲ့

အသီးတွေသန်မြန်အောင်မြင်၊

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်

ဥသြသံတွဲ့ နာပျော်ဖွယ်ကြည်ကြည်လင်

လုပ်ငန်းကိုကိုယ်စီဝင်

စက်ရုံကြီးငယ်အရပ်ရပ်တွင်

ကြည်းရေတစ်ခွင်က

အရောင်းဝယ်စုန်ဆန်သာစည်ပင်၊

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်

ကျွန်တော်တို့ မိတ်ဆွေတွေကို

ကြည်ညိုစွာမြင်လိုက်ချင်

မြန်မာ့သားကောင်းများကို အဆိုအတီးမှုနဲ့ပင်

ရိုသေခင်မင်အားတက်အလေးပြုလျက်ပဲအစဉ်၊

ရှုမဆုံးတော့သည်

စိမ်းလဲ့လဲ့နှစ်စဉ်

လယ်ကွင်းတွေက

တစ်မျှော်တစ်ခေါ်စိုပြေလွင်

ရိတ်သိမ်းချိန်ဆိုပြန်လျှင်

ဝင်းမှည့်ရွှေစင်အိလို့ပင်

စပါးအနှံတွေနဲ့

အသီးတွေသန်မြန်အောင်မြင်၊

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်

ဥသြသံတွဲ့ နာပျော်ဖွယ်ကြည်ကြည်လင်

လုပ်ငန်းကိုကိုယ်စီဝင်

စက်ရုံကြီးငယ်အရပ်ရပ်တွင်

ကြည်းရေတစ်ခွင်က

အရောင်းဝယ်စုန်ဆန်သာစည်ပင်၊

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်

ကျွန်တော့်မိတ်ဆွေတွေကို

ကြည်ညိုစွာမြင်လိုက်ချင်

မြန်မာ့သားကောင်းများကို အဆိုအတီးမှုနဲ့ပင်

ရိုသေခင်မင် အားတက်အလေးပြုလျက်ပဲအစဉ်၊

– ကစားခုန်ကစား စွမ်းအားဘက်တွင်

စံချိန်ရင်ပေါင် တန်းလိုက်လို့ယှဉ်

ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်

သန်မြန်ယောက်ျားဘသားလျှင်၊

လျှပ်စစ်အားအသုံးများတဲ့အပြင်

တွင်တွင်ကျယ်ကျယ်

ထက်အောက်မြေတခွင်

သစ်ပင်တွေမြေတွင်းဓါတ်တွေ

ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင်

ကမ္ဘာမြေပထဝီဝင်

ကမ္ဘာ့သမိုင်းရာဇဝင်

သုံးသပ်လေ့လာသင်

အကြံဉာဏ်ဝေဖန်‌ေမြာ်လို့မြင်

ငါတို့ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်းသင်္ဘောမောင်းနှင်

မြေပြင်လေပြင် နှံ့စပ်စုံလင်

တို့လူချွန်လူကောင်းအစုတွင်

ပါဝင်တစ်ယောက်ဆိုတစ်အားပင်၊

ဆရာဝန်ပညာတွေကိုသင်

ခေတ်ရောရှေးမီ

သမားကျော်များပင်

လူထုကိုကိုယ်နဲ့ထပ်တူ

ချစ်ခင်ရင်ဝယ်သား

ညွှန်ကြား ညွှန်ကြား

သန်ထွား ကျန်းမာကြံ့ခိုင် အားအင်၊

ကလေးလေးတွေပညာရရှိဖို့တော့

ဘမိပုံသွင် အာစရိတွေပင်

ကလေးလေးတွေပညာရရှိဖို့တော့

ဘမိပုံသွင် အာစရိတွေပင်

လူချွန်လူကောင်းလေးတွေဖြစ်အောင်

မြေတောင်မြှောက်ကာ မြှင့်တင်၊

– ကစားခုန်ကစား စွမ်းအားဘက်တွင်

စံချိန်ရင်ပေါင် တန်းလိုက်လို့ယှဉ်

ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်

သန်မြန်ယောက်ျားဘသားလျှင်၊

လျှပ်စစ်အားအသုံးများတဲ့အပြင်

တွင်တွင်ကျယ်ကျယ်

ထက်အောက်မြေတခွင်

သစ်ပင်တွေမြေတွင်းဓါတ်တွေ

ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင်

ကမ္ဘာမြေပထဝီဝင်

ကမ္ဘာ့သမိုင်းရာဇဝင်

သုံးသပ်လေ့လာသင်

အကြံဉာဏ်ဝေဖန်မြှော်လို့မြင်

ငါတို့ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်းသင်္ဘောမောင်းနှင်

မြေပြင်လေပြင် နှံ့စပ်စုံလင်

တို့လူချွန်လူကောင်းအစုတွင်

ပါဝင်တစ်ယောက်ဆိုတစ်အား... ပင်၊

(အလင်္ကာကျော်စွာမြို့မငြိမ်း)

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ တိုင်းပြည်နဲ့ ပြည်သူလူထုဘဝကို နင်းချေဖျက်ဆီးနေတဲ့ စစ်ဖိနပ်ကြီးကို အပြီးတိုင်ဖယ်ရှားပစ်ဖို့နဲ့ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း ရှိမယ့် ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ထောင်ဖို့၊ လူလူချင်း လက်နက်အားကိုး ဖိနှိပ်အနိုင်ယူတဲ့ စနစ်ဆိုးမျိုး ဘယ်သောအခါမှ ထပ်မံမပေါ်ထွန်းအောင် အာမခံတဲ့ အုပ်ချုပ်ပုံစနစ်ကို အုတ်မြစ်ချ တည်ဆောက်နိုင်ဖို့ တပြည်လုံးက လူချွန်လူကောင်း အပေါင်းအစုကြီးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သူတို့အသက်နဲ့ဘဝတွေကို ရင်းနှီးပေးဆပ်လို့ သမိုင်းခေတ်တာဝန် ကျေပွန်စွာ ဝိုင်းဝန်းတည်ဆောက်နေကြချိန် ဖြစ်ပါတယ်။

အဲ့ဒီလို နိုင်ငံ့သားကောင်းတွေရဲ့ ကြိုးပမ်းမှုရလဒ်အဖြစ် ဓားပြသူခိုး စစ်ကြမ်းပိုး လူကြမ်းပိုး၊ သင်္ကန်းဝတ်ကြမ်းပိုးတွေ ပေါက်ဖွားမင်းမူနေတဲ့ စစ်အာဏာရှင်စနစ်ဆိုး အိမ်အိုဟောင်းကြီးဟာ ယိမ်းယိုင်ချည့်နဲ့လာရာက အလွန်လျှင်မြန်စွာ ပြိုဆင်းလာနေပြီမို့ မကြာခင် မြန်မာ့လူ့‌ဘောင်က‌နေ ထာဝရ ပျောက်ကွယ်သွားရမှာ ဖြစ်ပါတယ်။

တပြိုင်တည်းမှာပဲ အများပြည်သူရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ လွတ်လပ်ပြီး ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့စနစ်ကို တိုင်းရင်းသားလူမျိုးစုပေါင်းစုံ၊ ရဟန်းရှင်လူ ပြည်သူလူထုအတွင်းက လယ်သမား၊ အလုပ်သမား၊ ကျောင်းသူကျောင်းသား၊ ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ လူထုလူတန်းစားပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံ၊ ဘာသာပေါင်းစုံက လူချွန်လူကောင်းတွေ နိုင်ငံ့သားကောင်းတွေရဲ့ ပေါင်းစုအားနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာမို့ ကြီးကျယ်ခမ်းနားလှမယ့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကြီး မကြာခင်မှာ တင့်တယ်စွာ ပေါ်ထွန်းဖြစ်တည်လာမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024