Home
မြန်မာသတင်း
ထားဝယ်မြို့ တိုင်း ဝန်ကြီးအိမ်ရာနှင့် ကျွန်းစုမြို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
July 23, 2023

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ မနေ့က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထားဝယ်မြို့က တိုင်း ဝန်ကြီးများအိမ်ရာဝင်းလည်း လက်နက်ကြီးနဲ့ တိုက်ခိုက် ခံခဲ့ရပါတယ်။

ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းမှာ ရေဖြူမြို့ကနေ ကလိန်အောင်မြို့ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဉ် ၃ စီးကို မိုင်တိုင်အမှတ် ၄၀ နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီယာဉ်တန်းမှာ စစ်သားအင်အား ၆၀ လောက်ပါနိုင်ပြီး ထိခိုက်သေဆုံးသူတွေ အများကြီးရှိသလို ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို ခမရ ၄၀၉ တပ်ရင်းဆီကို သယ်ယူသွားခဲ့တယ်လို့ ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ  လမ်းတလျှောက် သေနတ်တွေနဲ့ တရစပ် ရမ်းသန်းပစ်ခတ်ခဲ့လို့ ကျောက်ရှပ်ရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ရွာသား ၂ ယောက်လည်း ကျည်ထိမှန် ဒဏ်ရာရလို့ ဆေးကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကော်သူလေးအာမီ(kaw Thoo Lei Army)၊ ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(YP-PDF)၊ ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (K. L. A. S. B. L PDF) စတဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇူလိုင် ၂၂ ရက် ည ၁၁ နာရီလောက်မှာ ထားဝယ်မြို့က တိုင်းဝန်ကြီးများအိမ်ရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

"ညက ၁၁ နာရီလောက် တအုန်းအုန်းနဲ့ ပေါက်ကွဲသံ ဆယ်ချက် ဆက်တိုက်ကြားရတယ်" လို့ ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်နေသူတယောက်က ပြောပါတယ်။ 

ပေါက်ကွဲသံတွေကို ဝန်ကြီးများအိမ်ရာဝင်းနားက ပုံကျွန်းရပ်ကွက်၊ ဆန်းချီရပ်ကွက်၊ ကျွန်းမွှေးရပ်ကွက်၊ မြို့သစ်ရပ်ကွက်မှာ နေထိုင်သူတွေလည်း ကြားရတယ်လို့ အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေက ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်ခံရတာကြောင့် ဝန်ကြီးအိမ်ရာဝင်းထဲမှာရှိတဲ့ စစ်ကောင်စီခန့် သယံဇာတဝန်ကြီးနဲ့ နယ်လုံဝန်ကြီးအိမ်နားမှာ ပေါက်ကွဲခဲ့တယ်လို့ စစ်ကောင်စီဝါဒ​​ဖြန့် တယ်လီဂရမ်ချန်နယ်တခုက ဖော်ပြထားပြီး ဖော်ပြထားတဲ့ဓာတ်ပုံမှာတော့ မွန်ရိုးရာ တူရိယာပစ္စည်းတွေထားရှိတဲ့အခန်း မျက်နှာကျက်တွေကျိုးကျနေတာကို တွေ့ရပါတယ်။

ဒါဟာ တတိယအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး မေ ၃၁ ရက်နဲ့ ဇူလိုင် ၁၆ ရက် က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကို လောင်းလုံးပကဖနဲ့ အထူးပြောက်ကျားတပ်ဖွဲ့က ပြုလုပ်တယ်လို့ သတင်းထုတ်ပြန်ထားပြီး အခုတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

ဇူလိုင် ၁၆ ရက်က တိုက်ခိုက်ခံရပြီးနောက် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ တနင်္သာရီတိုင်းလွှတ်တော်နဲ့ ဝန်ကြီးအိမ်ရာနားမှာရှိတဲ့ အာဇာနည်ကျောက်တိုင်မှာ စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရဟာ အလေးပြုအခမ်းအနား မလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက ထားဝယ်မြစ်တဖက်ကမ်းမှာရှိတဲ့ နခံတောကျေးရွာအုပ်စုမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးတယ်လို့ ကနဦးစုံစမ်းသိရှိထားရပြီး တိုက်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်ကိုတော့ အတည်ပြုနေဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024