မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ အောင်ချမ်းသာရပ်ကွက်မှာ ဇူလိုင် ၂၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နေအိမ်အပေါ်ထပ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးများတာကြောင့် အိမ်တအိမ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ရပ်ကွက်နေ ဒေသခံတယောက်က ဆိုပါတယ်။
"အိမ်ရဲ့အပေါ်မှာက ခြေထောက်မသန်တဲ့ အဘိုးတယောက်တည်းနေတာ၊ အဘိုးအပြင်သွားနေတုန်း လောင်တာ။ မီးလာတာ ၁၀ မိနစ်လောက်ပဲရှိသေးတယ်။ မီးကလာလိုက်ပြတ်လိုက်နဲ့ဆိုတော့ ရှော့ဖြစ်သွားတာလို့ပြောကြတယ်" လို့ ဆိုပါတယ်။
နေအိမ်ကို လောင်တဲ့မီးများပြီး ဘေးအိမ်ကို အနည်းငယ်ကူးခဲ့ပေမယ့် အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်တလုံးနဲ့ ဆိုင်ကယ် ၄ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်တဲ့နေရာကို မြို့နယ်ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ လာရောက်ကူညီပေးခဲ့ကြတယ်လို့သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ရရှိချိန်နည်းလာတဲ့အပြင် မကြာခဏ မီးလာလိုက် ပျက်လိုက်ဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။