DVB ၃၁ နှစ်
မောင်တူး
·
July 23, 2023

DVB လေ နားဆင်စေလို၊ ရေဒီယို

“ဒီမိုကရက်တစ်မြန်မာ့အသံ ကျမမှန်မှန် နားထောင်ပါတယ်” ။ (ဒေါ်အောင်ဆန်းစုကြည်) ၁၉၉၅ ခုနှစ် ပြောကြားချက် 

DVB ၃၁နှစ်မြောက်

DVB သတင်းဌာနကို DVD က DVD က လွှင့်သွားတာဆိုပြီး အမြဲပြောနေကြတဲ့ ပရိသတ် တော်တော်များများကို ကျနော်ကျွဲမြီးတိုပါတယ်။ သူတို့ကို ကျနော် ခဏခဏ ရှင်း ရှင်း ပြရတယ်။ DVB ပါလို့။ DVD မဟုတ်ဘူးနော်။ DVB (Democratic Voice of Burma) ဒီမိုကရက်တစ်မြန်မာ့အသံရေဒီယို ဟာ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ စတင်ထုတ်လွှင့်တယ်။ အခုနှစ် ၂၀၂၃ ခုနှစ် ဇူလိုင်  ၁၉ ရက်မှာ ၃၁ နှစ် ပြည့်ပါပြီ။

နေ့စဉ်သတင်းတွေ ပရိုဂရမ်တွေကို ကျနော် ရေးသားပေးပို့ တင်ဆက်နေရပါတယ်။ ဒါကြောင့် ညညဆို အိပ်ချိန်လွန်သွားတာနဲ့ စာက မရေးဖြစ်တာ ၂ ရက်လောက် ရှိသွားပါပြီ။ ဒီနေ့ ပြန်ရေးပါမယ်။ ဒီဗွီဘီ ၃၁ နှစ် ပတ်လည်ကနေ ကျော်လွန်လာတာလည်း ၂ ရက် ၃ ရက် ရှိပြီပေါ့။ အစပိုင်းမှာ ဒီဗွီဘီကို နားထောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာခဲ့တာကိုကို ပြန်ရှင်းပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဗွီဘီ ဆက်စပ်မှုတွေကြားထဲမှာ ရေဒီယို အင်တာဗျူးတွေ တီဗွီအင်တာဗျူးတွေ ရှိခဲ့ကြတာပေါ့။ ရန်ကုန် NLD ဌာနချုပ်မှာ ဒီဗွီဘီက သီးသန့် အင်တာဗျူးတွေ လုပ်ခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေးခရီးစဉ်မှာလည်း ဒီဗွီဘီ ဒါရိုက်တာ ကိုအေးချမ်းနိုင်နဲ့ တွေ့ဆုံ မေးမြန်းခဲ့ဖူးတယ်။ ဒီလိုတွေရှိခဲ့ပေမဲ့ ကျနော်အမှတ်တရ ရှိနေတာက ၁၉၉၅ ခုနှစ်က NLD ရဲ့ ပြည်နယ်နဲ့ တိုင်း ၁၄ ခုလုံးက ခေါင်းဆောင်တွေအားလုံးနဲ့ တပြိုင်တည်းတွေ့ဆုံပွဲမှာ သူတို့အားလုံး DVB ရေဒီယိုကို အလုပ်တခုအနေနဲ့ နေ့စဉ် နားထောင်ဖို့ ဒေါ်စုကတိုက်တွန်း ပြောဆိုခဲ့တာပါ။ သိကြတဲ့အတိုင်း စစ်တပ်က သူ့ကို အကျယ်ချုပ်ဖမ်းထားရာက ၁၉၉၅ မှာ ပြန်လွှတ်တယ်။ ဒီမှာ ပြည်နယ်တိုင်း ၁၄ ခုစလုံးက NLD ဦးဆောင်အဖွဲ့တွေ (၁၀၀ ကျော်မယ်ထင်တယ်) ဆုံတွေ့ကြတော့ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ဥက္ကဋ္ဌက စစ်ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတဲ့ကြားက ကျနော်တို့ ဘာလုပ်ကြရမလဲလို့ မေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက “ရေဒီယိုတွေ နားထောင်ကြပါတဲ့။ ကျမဆိုရင် အကျယ်ချုပ်ထဲမှာ ထရန်စစ္စတာ ရေဒီယိုတလုံးနဲ့ BBC, VOA နဲ့ DVB နေ့တိုင်း နားထောင်တယ်" ဆိုပြီး ပြောလိုက်တယ်။

အဲ့ဒီအခါ တက်ရောက်လာသူ NLD အဖွဲ့ဝင်တွေက " BBC, VOA ကတော့ ဟုတ်ပါပြီ။ DVB က ဘာလဲလို့ မေးကြတယ်။"

ဒေါ်အောင်ဆန်းစုကြည်က "DVB ဒီမိုကရက်တစ်မြန်မာ့အသံလေ (Democratic Voice of Burma) ကျမ ညတိုင်း နားထောင်တယ်"လို့ဖြေလိုက်တယ်။ နောက်ပိုင်း သူဆက်ပြောတာက DVB က တခြားရေဒီယိုတွေနဲ့မတူဘူး။ သတင်းသက်သက်၊ နိုင်ငံရေး၊ တော်လှန်ရေးသက်သက်တွေ လွှင့်ထုတ်တင်ဆက်တာတဲ့၊ NLD အဖွဲ့ဝင်တွေဟာ သတင်းတွေစုဆောင်းပြီး တယ်လီဖုန်းတွေနဲ့ DVB ကိုပို့ရမယ်တဲ့၊ ဒါမှ ကိုယ်ဒေသက သတင်းကို တနိုင်ငံလုံး သိမယ်။ သူများ ဒေသ မြို့နယ်တွေက သတင်းတွေလည်း ကိုယ်သိရမယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည် အဲ့သည်လို ပြောပြီးနောက်ပိုင်း NLD အဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုတွေဟာ DVB သောတရှင်တွေ ဖြစ်လာတယ်။ သူတို့က သတင်းတွေရှာပြီး (ဖုန်းခ အကုန်ခံပြီး) ပို့လာကြတော့ လစာမရတဲ့ ဒီဗွီဘီသတင်းထောက်တွေ (လစာမရ ကိုယ့်ဘာသာကိုယ်ပို့) တွေ ဖြစ်လာကြတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းမှုနဲ့ ဖြစ်လာရတဲ့ DVB နဲ့ ဆက်စပ်မှု သမိုင်းတစပေါ့။ အဲဒီအချိန်တုန်းက ဒီဗွီဘီကိုဖုန်းနဲ့ နေ့စဉ်လိုလို သတင်းပို့သူတွေထဲမှာ NLD ပါတီဝင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ၈၈ မျိုးဆက်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ နောက်ထပ်လည်း အများကြီးရှိပါသေးတယ်။ ထင်ရှားသူတဦးကတော့ ကဗျာဆရာကြီးတင်မိုးပါ။ ဆရာကြီးတင်မိုးနဲ့ ဒီဗွီဘီရဲ့ သမိုင်းကိုလည်း မေ့မထားသင့်ဘူးပေါ့။

ဒီဗွီဘီရှိရာ နော်ဝေးကိုလာမိလို့ ကဗျာဆရာတင်မိုး ပြည်ပြေးဖြစ်သွားခြင်း

ပြည်သူ့အကျိုးပြု ကဗျာတွေ၊ ဒေါ်အောင်ဆန်းစုကြည် ကဗျာတွေ၊ ကျောင်းသား ခွပ်ဒေါင်း ကဗျာတွေ ရေးသားမှုနဲ့ ဆရာတင်မိုးဟာ အင်းစိန်တောရမှာ ၄ နွေ ၄ မိုး ဆောက်တည်ခဲ့ရပါတယ်။ ထောင်က လွတ်ပြီးတော့လည်း အရင်အတိုင်း ကဗျာတွေ ဆက်ရေးနေတော့ ပြန်ဖမ်းဖို့ ပြင်နေတာကိုလည်း သိနေရပါပြီ။ ဒါကြောင့် ၁၉၉၈ ခုနှစ်မှာ သမီး မမိုးမိုးနှင်းရှိရာ ဘယ်လ်ဂျီယံနိုင်ငံကို အလည်ဆိုပြီး ထွက်လာပါတယ်။ (ဗမာပြည်ကို မခွဲခွာလိုတဲ့ ဆရာကြီးကတော့ ခဏအလည်သဘော လာတာလို့ စိတ်ထဲမှတ်စွဲနေပါတယ်။ သမီးတွေကတော့ ဗမာပြည် ပြန်မလွှတ်တော့ဘူးဆိုပြီး အပြီးခေါ်တဲ့ အကြံနဲ့ ခေါ်ကြသတဲ့။) လေဆိပ်မှာ "တင်မိုး" ကို စောင့်ဖမ်းနေတဲ့ ထောက်လှမ်းရေးတွေ "ဦးဘဂျမ်း" ဆိုတဲ့ မဲမဲဝဝ ပုကွကွ လူကြီးတယောက်ကို သတိမထားမိလိုက်ကြတာတွေကတော့စကားချပ်ပါ။ ဒီလိုနဲ့ ဆရာကြီး ဘယ်လ်ဂျီယံရောက်တယ်။ ဒီဗွီဘီက လှမ်းခေါ်တော့ လေယာဉ်နဲ့ နော်ဝေးပြည်အော်စလိုမြို့ကိုရောက်လာ၊ ဒီဗွီဘီ အသံလွင့်ရုံကို ရောက်တော့ ကြိုဆိုတဲ့အထဲ ကျနော်လည်းပါတယ်။ အော်စလို DVB ရုံးကို ရောက်တာနဲ့ သူပြောလိုက်တာက "ကိုယ်က ဗမာပြည်ပြန်ချင်တာကွ။ တလ နှစ်လ လည်ပတ်ပြီးရင် ပြန်မှာပါ။ အခုတော့ DVB ရုံးချုပ်ကို လာမိတာ မှားလှပေါ့လေးဆိုပြီး ငိုချင်းချရတော့မလို ဖြစ်ရပြီ။ နော်ဝေ လေဆိပ်မှာ Democratic Voice of Burma တွင် အလုပ်လုပ်ရန် လာသည်ဆိုပြီး ပတ်စပို့မှာ တံဆိပ်ရိုက် ပေးလိုက်ပြီ။ ရန်ကုန်ပြန်ရင်တော့ လေဆိပ်မှာ တန်းဖမ်းမှာပေါ့။ ရွှေပြည်တော် မျှော်တိုင်းဝေးပါပေါ့။ ငါတော့ DVB ကို လာမိလို့ ပြည်ပြေး ဖြစ်ရပါပေါ့။ " ဆိုပြီး ကဗျာသံ အညာသံလေးနဲ့ ပြောတာကို အခု ၃၁ နှစ် မြောက်မှာ ကြားယောင်မိပါသေးရဲ့။

တကယ်လို့ ဆရာတင်မိုး ၁၉၉၈ ခုနှစ်က DVB အော်စလိုရုံးကို မလာခဲ့ဘူးဆိုရင်။ DVB မှာ အသံဖတ် အသံလွှင့် မလုပ်ခဲ့ဘူးဆိုရင် တလနှစ်လ သုံးလ ဥရောပမှာ လည်ပတ်ပြီး မြန်မာပြည် ပြန်သွားနိုင်တယ်။ ပြည်တွင်းရောက်ရင် ထောင်ပြန်ကျမှာပေါ့။ ဒါဆိုရင် တနေ့ တပုဒ်လောက်နီးနီး ရေးမဲ့ တင်မိုးကဗျာတွေ ထပ်မရတော့ဘူးပေါ့။ အခုတော့ DVB အော်စလိုမှာ သူ လာလည်လိုက်တော့ မြန်မာပြည်မပြန်ဘဲနေလိုက်တော့ နောက်ထပ်ကဗျာ စာအုပ်တွေတောင် ထုတ်သွားနိုင်သေးတာပေါ့။ DVB ဘက်ကလည်း ကဗျာဆရာကြီးတင်မိုး ဒီဗွီဘီမှာ တာဝန်ထမ်းဆောင်သွားခဲ့တယ်ဆိုတဲ့ သမိုင်း ရတာပေါ့။ ဆရာတင်မိုးဟာ အသံလွှင့်ချိန်ပြီးလို့ အားတာနဲ့ "ဆေးလိပ်ဖွာလျှက်၊ ရေနွေးခွက်နှင့်၊ တဖက်ဘော့ပင်၊ ကာရန်လွင်တွေး၊ ကဗျာရေးထုတ်၊ တပုဒ်နေ့စဉ် ရသတည်း။" လို့ ပြောရလောက်အောင် ကဗျာမှန်မှန်ရေးသူပါ။

နှင်းတောင်ပေါ်ကအသံ

တောင်ပေါ် တောင်ဆင့်၊ တောင်မြင့်မြင့်ထက်

တိမ်ပွင့် ထီးဆောင်း၊ တောင်နှာမောင်းဟု

တောင်စောင်း တောင်တန်း၊

တောင်ခါးပန်းဝယ်၊ တောထွေထွေသည်

တိမ်ခြေ ငွေနှင်းပေါင်းတို့နှင့် တကား။

အေးလည်းအေးမြ၊ သုညအောက်ရောက်

ငွေနှင်းစိုစွတ်၊ ငွေတောင်ထွတ်က

ပြိုညွတ်ကျလေ ယောင်တကား။

နော်ဝေ ဆွီဒင်၊ နှင်းတောင်မြင်၏

စကင်ဒီနေဗီယန်၊ နှင်းတောင်ယံက

အသံလွှင့်လှိုင်း၊ ငါတို့တိုင်းသို့

သမိုင်းသစ်ချီ၊ ဒီမိုကရေစီအတွက်

အောင်စည် ဟိန်းစေခဲ့ပြီတကား။ ။

(တင်မိုး)  ၅၊ အောက်တိုဘာ၊ ၁၉၉၉ အင်္ဂါနေ့ နံနက်ခင်း

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့  DVBရုပ်သံ

DVB ရေဒီယိုကို ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာစလွှင့်တယ်။ DVB TV ရုပ်မြင်သံကြားကိုတော့ ၂၀၀၅ ခုနှစ် မေလ ၂၈ ရက်မှာ စတင်ထုတ်လွှင့်ပါတယ်။ ရေဒီယိုကို လိုင်းတိုမီတာနဲ့ ည ၉ နာရီ ၂၅ မိနစ်မှာစတင်ပြီး နေ့စဉ် ၂၅ မိနစ်သာ ထုတ်လွှင့်တာက စခဲ့ပါတယ်။ သိန်းပေါင်းများစွာသော နားဆင်သူတွေနဲ့ အောင်မြင်တဲ့ အသံလွှင့်ဌာနတခု ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် မေလကစ ဂြိုဟ်တု ရုပ်သံလှိုင်းနဲ့ စနေ၊ တနင်္ဂနွေ ၁ နာရီစာသာ အပတ်စဉ် ထုတ်လွှင့်နိုင်ခဲ့တာပါ။ အခုတော့ ၂၄ နာရီ ထုတ်လွှင့်နေနိုင်ပါပြီ။ DVB TV ရုပ်သံအစီအစဉ်တွေ စလွှင့်ပြီး ၂ နှစ်အကြာမှာ ဖြစ်ပွားတဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃ ရွှေဝါရောင်တော်လှန်ရေးမှာ ဖြစ်ပွားတဲ့ သတင်းမှတ်တမ်းတွေကို DVB က (ရေဒီယိုရော TV ရော) ဝေဝေဆာဆာ ထုတ်လွှင့်နိုင်ခဲ့တယ်။ သံဃတော်လှန်ရေးနဲ့ ဒီဗွီဘီ သမိုင်းဟာလည်း မှတ်တမ်းတခုပေါ့။ မှတ်မိပါသေးတယ်။ စက်တင်ဘာ သံဃတော်လှန်ရေးကို အစပျိုးနေတဲ့ ၂၀၀၇ ဩဂုတ် ၂၅ ရက်ကတည်းက ကျနော်တို့ DVB သတင်းထောက်တွေ နေ့ရော ညပါ သတင်းလိုက်နေကြရတာပါ။ ဩဂုတ် ၂၅ ရက်နေ့မှာ NLD ဦးကြည်မောင် ကွယ်လွန်ခြင်း တနှစ်ပတ်လည်ဆွမ်းကျွေးပွဲကို ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီတို့ ၈၈ ကျောင်းသားတွေ သွားကြတယ်။ အပြန်မှာ ကားခဈေးကြီးလို့ ဓာတ်ဆီဈေးကြီးလို့ ကားမစီး လူအုပ်လိုက် အားလုံး လမ်းလျှောက်ပြန်ကြတယ်။ ဒီလမ်းလျှောက်တဲ့ ဗွီဒီယိုတွေ ကျနော်တို့လွှင့်လိုက်တော့ တပြည်လုံးကြည့်ကြတာပေါ့။ ဒီဗွီဘီမှာ လွှင့်နေတယ်ဆိုတာတာက တောမီးပမာ။ ၈၈ မျိုးဆက်ကျောင်းသားတွေဟာလည်း NLD လိုပဲ ဒီဗွီဘီရဲ့ လခပေးမထားရတဲ့ သတင်းထောက်တွေပေါ့။ ၈၈ တွေက ဗွီဒီယို လှုပ်ရှားမှုတွေ ရိုက်ပို့ကြတယ်။ DVB ကလွှင့်တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေကလည်း DVB ကို အများကြီး ပံ့ပိုးပေးခဲ့ကြတယ်လို့ ပြောရမှာပါ။

အဲ့သည် ၂၀၀၇ ဩဂုတ် ၂၅ ညမှာ ၈၈ တွေကို အကုန်ဖမ်းတယ်။ ဖမ်းနေရင်းက ကိုဂျင်မီက ဖုန်းဆက်လာတယ်။ ရဲလိုက်တဲ့ ကိုဂျင်မီပါတကား။ သူဟာ နေ့စဉ်လိုလိုလဲ သတင်းတွေ ပေးနေခဲ့သူ။ သူ့ဖုန်းနဲ့သူ ခေါ်လာပြီး အသံဖမ်းထား ဘယ်ဖုန်းနံပတ်ကို ခေါ်လိုက်ပါ။ ညောင်တုန်း ထွန်းထွန်းစောင့်နေတယ်။ နော်အုန်းလှစောင့်နေတယ်။ ကော့မှူးက စုစုနွေးစောင့်နေတယ်ဆိုပြီး ပြောတတ်တဲ့သူ။ အဲ့သည် ၂၅ ရက်ညမှာလည်း သူကပဲ ဖုန်းခေါ်လာပြီး "ဟေ့လူ ကျုပ်အိမ်ကို ရဲမှူးကြီးအောင်ချိမ့် ခေါင်းဆောင်ပြီး ဝင်ဖမ်းနေပြီ။ အသံဖမ်းထား။ ကျုပ်ပြောမယ်။" ဆိုပြီး အဖမ်းခံရခါနီးတောင် သတင်းပေးသွားခဲ့တဲ့လူ။ ( မှတ်ချက်။ ။ DVB ၃၁ နှစ်မြောက်ကာလ နွေဦးတော်လှန်ရေးမှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ ၄ ဦးကို ထောင်တွင်း ကြိုးပေးစီရင်ခဲ့တာ ၂၀၂၂ ဇူလိုင် ၂၃ ရက်ပါ အခု ၂၃ ဇူလိုင် ၂၀၂၃ မှာ တနှစ်ပြည့် အဖြစ် ဂုဏ်ပြုပွဲတွေ လုပ်နေကြပါတယ်။)

အဲ့သည်ကနေ ရွှေဝါရောင်တော်လှန်ရေး အစပိုင်းတွေဖြစ်တဲ့ စစ်တွေ သံဃာ ၂၀၀ လမ်းလျှောက်တဲ့သတင်း၊ ၂၀၀၇ စက်တင်ဘာ ၅ ရက် ပခုက္ကူသံဃာ ၅၀၀ လမ်းလျှောက် ဆန္ဒပြသတင်း၊ အလယ်တိုက်က သံဃာ ၃ ပါးကို ဓာတ်တိုင်မှာ ကြိုးချီပြီး ရိုက်တဲ့သတင်းတွေကို DVB က အသံရော အရုပ်ရော ဆက်တိုက်ထုတ်လွှင့်ခဲ့ပါတယ်။ သံဃာတော်တွေ သိမ်ဝင်ပြီး ပတ္တနိက္ကုဇန ကံဆောင်တဲ့ အသံတွေကိုတောင် ဆရာတော်တွေက Mp3 နဲ့ ဖမ်းထားပြီး Gmail နဲ့ ပို့လာပါတယ်။ ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။ အဲ့သည်အချိန်က Gmail ကိုတောင် ကောင်းကောင်း မသုံးတတ်ကြသေးတဲ့အချိန်ပါ။ သံဃာတော်တွေရဲ့ ဆန္ဒပြပွဲကြီးတွေ၊ သံဃာတော်တွေရဲ့ မိန့်ခွန်းတွေ၊ စစ်တပ်ရဲ့ ဖြိုခွင်း ပစ်ခတ်တာတွေ၊ နောက်ဆုံး ဂျပန်သတင်းထောက် နာဂအိကို ခြေညှပ်ဖနပ်စီး ယူနီဖောင်းဝတ် စစ်သားက ပစ်သတ်ပုံတွေအထိ ရွှေဝါရောင်မှာ DVB သတင်းထောက်တွေ ရိုက်ကူး ထုတ်လွှင့်နိုင်ခဲ့တာပါ။ DVB ရဲ့ မှတ်တိုင် တခု ဖြစ်ခဲ့သလို တပတ်တခါ တီဗွီထုတ်လွှင့်နေရာကနေ နေ့စဉ် လွှင့်နိုင်လာတာကလည်း ဒီလို လုပ်ပြနိုင်ခဲ့တာကြောင့်လို့ ပြောရမှာပါ။

၃၁ နှစ်သား DVB

၃၁ နှစ်မြောက် DVB ရဲ့ နှစ်ပတ်လည်ပွဲကို မလုပ်နိုင်ခဲ့ပါဘူး။ ရင်ထဲကသာသတိတရ ရှိနေခဲ့ကြရတာပါ။ စစ်အာဏာသိမ်းအပြီး အဖမ်းခံထောင်အကျခံခဲ့ရ ကျခံနေရဆဲ DVB သတင်းသမားတွေလည်း ရှိနေဆဲပါ။ တချို့ဆိုရင် ကိုယ်ယောင် ဖျောက်နေလိုက်ကြရတယ်။ တချို့ကတော့ အိမ်နီးချင်းနိုင်ငံတွေမှာ၊ တချို့ကတော့ နော်ဝေး၊ ဩစတေးလျ၊ ကနေဒါ၊ အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေကို ရောက်နေကြရတယ်။ DVB ရဲ့ အခက်အခဲဆုံးကာလဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က စခဲ့ပါတယ်။ လွတ်မြောက်နယ်မြေတွေကို ထွက်လာခဲ့ကြရတယ်။ ဒါပေမဲ့ အခု ၂ နှစ်ကျော် အကြာမှာတော့ ပုံမှန်နီးပါး ပြန်ဖြစ်လာပါပြီ။ ဒါကလည်း အခုလို တိုးတက်တဲ့ ခေတ်ကြီးမှာ အင်တာနက်နဲ့ ဆက်သွယ်ရေး စံနစ်တွေ ကောင်းမွန်တာကြောင့်လည်းပါ ပါတယ်။ DVB ဝိုင်းတော်သား တဦးချင်းစီရဲ့ ကြိုးစားလုပ်ကိုင်တာတွေလည်းပါပါတယ်။ DVB စတင်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက်ကနေ ဒီနေ့ ၃၁ နှစ်အထိ ပါဝင် အားဖြည့်ခဲ့ကြသူ ဝိုင်းတော်သားအားလုံးနဲ့ ပရိတ်သတ်တွေအားလုံးရဲ့ ကျေးဇူးတွေကို ၃၁ နှစ်မြောက် ကာလမှာ သတိရနေမိရင်း ရေးသားမှုကို အဆုံးသတ်လိုက်ပါတယ်။ ။

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024