Home
မြန်မာသတင်း
တောင်ဥက္ကလာပ Transporter ဘားကို စစ်ကောင်စီဝင်ဖမ်း
DVB
·
July 22, 2023

ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းမှာ ဖွင့်လှစ်ထားတဲ့ Transporter ဘားကို ဇူလိုင် ၂၂ ရက် ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက ဝင်ရောက်ပြီး လူ ၁၈၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

မနက်အစောပိုင်း ၁၂ နာရီ ၄၅ မိနစ်လောက်မှာ တောင်ဥက္ကလာပမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့‌ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီဟာ ဇွန် ၇ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့က ကေတီဗွီ၊ ဘားနဲ့ နိုက်ကလပ်တွေကို ညလုံးပေါက်မဖွင့်ဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ကျော်လွန်ပြီး‌ ဘားထဲကို ရောက်ရှိနေတဲ့ အမျိုးသား ၁၀၂ ယောက်၊ အမျိုးသား ၇၉ ယောက်နဲ့ ဘားဝန်ထမ်းတွေကို ဖမ်းဆီးခံဝန်ထိုးခိုင်းခဲ့ပြီး Transporter ဘားမန်နေဂျာ အမျိုးသားကို ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားပါတယ်။

တောင်ဥက္ကလာပမြို့ခံတယောက်က “ပထမတခါတုန်းက ၁ ပတ်လောက် ညပိုင်းတွေ ပိတ်လိုက်သေးတယ်၊ လကုန်ခါနီးမှ ပြန်ဖွင့်တာ၊ ည ၁၂ နာရီကနေ ၄ နာရီအထိ ပိတ်ဖို့ ပိုင်ရှင်တွေကို ခေါ်ပြောတာလို့ ပြောတယ်။ ကလပ်မှာ အဓိကပွဲတွေက ၁၂ နောက်ပိုင်းမှ စီစဉ်တာ များတယ်။ ပိတ်လိုက်တော့ After လည်း ဆက်ဖို့ အဆင်မပြေကြဘူး၊ အခြားနေရာတွေတော်တော်များများက ည ၁၁ ခွဲနောက်ဆုံးပဲ။ ဒီမှာ Private ပုံစံမျိုးပဲ လုပ်ရင်း လူများပြီး နာမည်ထွက်ပြီး အဖမ်းခံရတာ။ ခံဝန်ထိုးရုံပါပဲ။ မန်နေဂျာကတော့ ပါသွားတယ်” လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်က Transporter ဘားကို ယာယီပိတ်သိမ်းထားတယ်လို့ သိရပေမဲ့ Transporter ဘားရဲ့ လူမှုကွန်ယက်မှာတော့ EDM ပွဲအစီအစဉ်တွေကို ဆက်လက်တင်နေတာ တွေ့ရပါတယ်။

ဝင်ရောက်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဘားဘက်ကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ 

ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လ ၁၃ နံနက်အစောပိုင်းမှာတော့ ကလပ်ဖွင့်ချိန်ကျော်လွန်ပြီး ဆက်လက်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းမှာ ဖွင့်လှစ်ထားတဲ့ Honey Nest ဒီဂျေဘားကို စစ်ကောင်စီနဲ့ ရဲတွေ ဝင်ဖမ်းဆီးခဲ့ပြီး အမျိုးသားအမျိုးသမီး စုစုပေါင်း လူ ၃၆၀ ကျော်ကို ထိန်းသိမ်းကာ ခံဝန်ထိုး ပြန်လွှတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024