Home
မြန်မာသတင်း
ရွှေကျင်နှင့် ကျောက်တံခါးတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄၅ ယောက်ကျော်သေ
DVB
·
July 22, 2023

ရွှေကျင်နဲ့ ကျောက်တံခါးမြို့တို့မှာ စစ်ကောင်စီတပ်တွေဟာ KNLA နဲ့ တိုက်ပွဲဖြစ်၊ မိုင်းဆွဲခံရပြီး ၄၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာတပ်တွေဆီက သိရပါတယ်။

ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချူပ်နယ် ညောင်လေးပင်ခရိုင် အမှတ် ၁၊  ရွှေကျင်မြို့နယ်၊ ဒုံစရစ်၊ စလူချောင်းကျေးရွာကို  စစ်ကောင်စီတပ်အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးလာခဲ့ပြီး ဒေသခံ KNLA - PDF ပူးပေါင်းတပ်တို့ မနေ့က တိုက်ပွဲဖြစ်ခဲ့ကြတာပါ။

KNLA ကျောက်ကြီး PDF ပြန်ကြားရေးတာဝန်ရှိသူက နယ်မြေကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစု KNLA - PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၀ ထက်မနည်း သေပြီး၊ ၁၁ ယောက် ဒဏ်ရာပြင်းထန်ခဲ့လို့ ပြောပါတယ်။

၃ နာရီကြာ ပြင်းထန်တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက် တောင်ငူလေတပ်စခန်းကနေ ပစ်ကူ ဂျက်လေယာဉ်နဲ့လာရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ကြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို မနေ့ကပဲ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချူပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ နံဇံရွာနားမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာများတယ်လို့ သိရပါတယ်။

တလိုင်းခင်ကျေးရွာ  နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့  ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း ခမရ ၃၀၇၊ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ နဲ့ ဖြူးအခြေစိုက် ၃၀၈  စစ်ကောင်စီတပ်တို့ဟာ ဇူလိုင် ၂၁ နေ့ ည ၇ နာရီကျော်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

KNLA ကျောက်ကြီး PDF တာဝန်ရှိသူတယောက်က သတင်းအရ ပူးပေါင်းတပ်တွေက စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၁၅ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ကျောက်တံခါးမြို့နယ်ကို နယ်မြေမစိုးမိုးနိုင်တော့တဲ့ စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းမှာ စစ်ကြောင်းထိုးတာတေွ ပိုလုပ်လာပြီး နေ့ရောညပါ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်နေသလို ပြည်သူတွေကိုလည်း အကြောင်းမဲ့ဖမ်းဆီး၊ ငွေညှစ်တာ၊ လူသားဒိုင်းအဖြစ်သုံးတာတွေ လုပ်နေပါတယ်။

ဇူလိုင်၂၀ ရက်နေ့ကလည်း နံဇံကျေးရွာက နေအိမ် အလုံး ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သား ၁၇ ယောက်ကို ဖမ်းဆီးပြီး ငွေ ၃၈ သိန်းနဲ့ ဖုန်း ၁၁ လုံးကို အတင်းအဓမ္မလုယူသွားခဲ့ပါတယ်

ကျောက်တံခါးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးတာကြောင့်  ကျေးရွာပေါင်း ၃၇ ရွာက ပြည်သူ ၄၅၀၀ ကျော် နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024