Home
မြန်မာသတင်း
အွန်လိုင်း ရောင်းဝယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ မှတ်ပုံတင်ရန် စစ်ကောင်စီထုတ်ပြန်
DVB
·
July 22, 2023

လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရရှိပြီးမှ အွန်လိုင်းကနေ အရောင်းအဝယ်နဲ့ ဝန်ဆောင်မှုလုပ်ကိုင်ရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် အသိပေးလာပါတယ်။

အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းတွေအနေနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၆ လအတွင်း မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်ပြီး အဲဒီနောက်ပိုင်း မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချတာကိုတွေ့ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ရောင်းချရာမှာလည်း မှတ်ပုံတင်လျှောက်တုန်းက ဖော်ပြထားခဲ့တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုပဲ လုပ်ကိုင်ရမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းစနစ်နဲ့ ရောင်းချတာကတဆင့် နိုင်ငံရေးကို ရည်ရွယ်တာ၊ အများပြည်သူရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ပျက်ပြားစေဖို့ ရည်ရွယ်လှုံ့ဆော်တာ၊ ဟောပြောတာ၊ စည်းရုံးတာ၊ အားပေးတာနဲ့ ဆန္ဒဖော်ထုတ်တာတွေကို ရှောင်ကြဉ်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါသေးတယ်။

စစ်ကောင်စီဟာ အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းတွေနဲ့ ဒစ်ဂျစ်တယ် ငွေကြေးစီးဆင်းမှုကို စောင့်ကြည့် ထိန်းချုပ်ချင်တာကြောင့် ဒီအမိန့်စာကို ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ အွန်လိုင်းစနစ်နဲ့ အရောင်းအဝယ် လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

“ကျနော့်အမြင် စကစ က အွန်လိုင်းအရောင်းအဝယ်တွေကို ထိန်းချုပ်ချင်တာ။ ဒစ်ဂျစ်တယ် ငွေကြေး စီးဆင်းမှုကို စောင့်ကြည့်ပြီး ထိန်းချုပ်ချင်တာလို့ ထင်ပါတယ်”

နောက်တယောက်ကလည်း စစ်ကောင်စီကထုတ်လိုက်တဲ့အမိန့်ဟာ ယေဘုယျဆန်ဆန် ဖော်ပြထားတာတွေပဲဖြစ်ပြီး အလောတကြီးထုတ်လိုက်တာမျိုးဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်လိုသူတွေအနေနဲ့ မှတ်ပုံတင်လျှောက်ထားရာမှာ ရောင်းချမယ့် ကုန်စည်နဲ့ ဝန်ဆောင်မှုအမျိုးအစား၊ လုပ်ငန်းတည်နေရာအပါအဝင် သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကုန်သွယ်ရေးဦးစီးဌာနမှာ အွန်လိုင်းစနစ်နဲ့ တင်ပြလျှောက်ထားရမှာဖြစ်ပြီး လျှောက်ထားသူက သတ်မှတ်ထားတဲ့ မှတ်ပုံတင်ကြေးနဲ့ အွန်လိုင်းဝန်ဆောင်ခ တို့ကို ဒစ်ဂျစ်တယ်နည်းနဲ့ ပေးသွင်းရမယ်လို့ သိရပါတယ်။

မှတ်ပုံတင်သက်တမ်းကို ၂ နှစ် သတ်မှတ်ထားပြီး သတ်တမ်းမကုန်မီ ရက်ပေါင်း ၆၀ ကြိုတင်ပြီး မှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားရမှာဖြစ်ပါတယ်။ သက်တမ်းတိုး လျှောက်ထားခြင်းမရှိပါက မှတ်ပုံတင် ပယ်ဖျက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024