Home
နိုင်ငံတကာ
ဖွေ့ထိုင်းပါတီ ဦးဆောင်ပြီး အစိုးရဖွဲ့စည်းရန် MFP ပါတီက တာဝန်လွှဲပေး  
DVB
·
July 21, 2023

ဒီမိုကရေစီအစိုးရကို ဆက်လက်ဦးဆောင်ဖွဲ့စည်းသွားဖို့ ဖွေ့ထိုင်းပါတီကို တာဝန် လွှဲပြောင်းပေးလိုက်ကြောင်း Move Forward ပါတီ (ကောက်ကလိုင်ပါတီ) က  ဒီကနေ့ ဇူလိုင် ၂၁ မနက်က ထုတ်ပြန်ကြေညာပါတယ်။

ခွန်ဖိထားခေါင်းဆောင်တဲ့ Move Forward ပါတီဟာ ထိုင်းလွှတ်တော်မှာ  လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက်မရလို့ ဝန်ကြီးချုပ်အဖြစ်ရော အစိုးရအဖွဲ့ ဦးဆောင်ဖွဲ့စည်းခွင့်ပါ ဆုံးရှုံးခဲ့ရပြီးနောက် ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးနဲ့ နိုင်ရခဲ့တဲ့ ဖွေ့ထိုင်းပါတီကနေ ဝန်ကြီးချုပ်အဖြစ် အရွေးခံပြီး အစိုးရဖို့ဖို့ တာဝန်လွှဲပေးလိုက်တာ ဖြစ်ပါတယ်။ 

MFP ပါတီပြောခွင့်ရ နိုင်းချိုင်းထဝပ် တူလာထွန်းက “ကျနော်တို့အနေနဲ့ ပြည်သူတွေကို ကတိပေးထားတဲ့အတိုင်း ဒီမိုကရေစီအစိုးရတရပ် ဦးဆောင်ဖွဲ့စည်းနိုင်အောင် အစွမ်းကုန်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အထက်လွှတ်တော်အမတ်နဲ့ အာဏာရှိအဖွဲ့အစည်းတွေက ကျနော်တို့ပါတီ အစိုးရဖြစ်မှာကို မလိုလားဘူး။ ခွန်ဖိထား ဝန်ကြီးချုပ်ဖြစ်မှာကို မလိုလားဘူး။ ဒါကြောင့် မအောင်မြင်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရ ဖွဲ့နိုင်ရေးကို နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ခွန်ဖိထား ဝန်ကြီးချုပ်ဖြစ်ရေး မဖြစ်ရေးထက် အာဏာရှင်အစိုးရစနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီအစိုးရပေါ်ထွန်းရေးက ပိုပြီး အရေးကြီးပါတယ်။ ဒါကြောင့် ဒုတိယမဲအများဆုံးရတဲ့ ဖွေ့ထိုင်းပါတီကို လွှဲအပ်ပါတယ်၊ လာမယ့် ဇူလိုင်လ ၂၇ ရက် ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ပွဲမှာ ကျနော်တို့ပါတီကနေပြီး ဖွေ့ထိုင်းပါတီဘက်က ဝန်ကြီးချုပ်လောင်းကို ၃၀ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းမှာဖြစ်တယ်” လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဖွေ့ထိုင်းပါတီဘက်ကလည်း အခုလို တာဝန်လွှဲပေးလိုက်တဲ့အတွက် MFP ပါတီကို ကျေးဇူးတင်ကြောင်း၊ ဘုရင့်စည်းမျဉ်းခံ ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းသွားဖို့အတွက် ညွန့်ပေါင်း ၈ ပါတီနဲ့ ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်းချွန်းလနန့် ဆီကယောက်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့ဖို့ ၈ ပါတီပေါင်း ၃၁၂ မဲရရှိပြီး ၃၇၅ မဲအထက်ရရှိအောင် အထက်လွှတ်တော်အမတ်နဲ့ တခြားပါတီတွေကို ညှိနှိုင်းပြီး အမြန်ဆုံးအစိုးရဖွဲ့နိုင်အောင် ဆောင်ရွက်မယ်၊ သူတို့ဆောင်ရွက်ချက်တွေကို  မိတ်ဖက် ၈ ပါတီနဲ့ တကွ ပြည်သူတွေပါ သိရှိအောင် အချိန်နဲ့တပြေးညီ အသိပေးသွားမယ်လို့လည်း ပြောပါတယ်။

ဖွေ့ထိုင်းပါတီဟာ ဒီကနေ့ညနေပိုင်းမှာလည်း ၈ ပါတီညွန့်ပေါင်းအဖွဲ့နဲ့အတူ ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်နေပါတယ်။ စစ်တပ် ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ အာဏာဟောင်း ပါတီတွေဘက်ကတော့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ့် ပါတီနဲ့ တွဲမယ့် ဘယ်ပါတီကိုမဆို မဲပေးမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ 

တရုတ် မာဖီးယားဂိုဏ်းနဲ့ ထိုင်းဝန်ထမ်းတွေရဲ့ လာဘ်စားမှုတွေ ဖော်ထုတ်နေတဲ့ လွှတ်တော် အမတ်ဟောင်း နိုင်းကမွန်ဝိဆစ်ကတော့ ဖွေ့ထိုင်းပါတီဟာ အစိုးရဖွဲ့နိုင်ရေး အမှတ်ပြည့်မီဖို့ အတွက်  ပုဒ်မ ၁၁၂ ပြင်မယ့်  MFP ပါတီကို ဖြုတ်မချရဘူး၊ အတိုက်အခံဘက်ဖြစ်သွားရင်တောင် အတူတကွပူးတွဲရမယ်၊ ဒီလိုမှမဟုတ်ဘဲ MFP ပါတီကို ဖြုတ်ချပြီး ဆေထာထဝီးဆင်ကို ဝန်ကြီးချုပ်တင်မြှောက်ရင် အားလုံးအံ့အားသင့်သွားစေရမယ့် အကြောင်းအရာတခုကို ဖွင့်ချလိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

ဆေထာထဝီးဆင်ဟာ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လို့  နိုင်ငံရေးကို စီးပွားတွက် တွက်ပြီးကစားဖို့ များတယ်လို့လည်း ဝေဖန်ထားပါတယ်။ 

MFP ပါတီ  ဘက်ကလည်း အစိုးရလုပ်ပြီး တခြားမူဝါဒတွေ ဆောင်ရွက်နိုင်ဖို့အတွက် အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၁၁၂ ကို ဖြုတ်ချဖို့  ထည့်သွင်းဆွေးနွေးနေရာမှာ ဖြုတ်လိုသူက တဘက်၊ မဖြုတ်လိုတာက တဘက် ပါတီတွင်း အချေအတင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီဘက်ကတော့ ဘာမှထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ 

ဖွေ့ထိုင်းပါတီဘက်ကတော့ ဇူလိုင် ၂၇ ရက် ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်ပွဲမှာ ဝန်ကြီးချုပ် ရစေရမယ်လို့ သတင်းထောက်တွေကို ပြောထားပါတယ်။ ဖွေ့ထိုင်းပါတီဘက်က အမည်တင်သွင်းထားတဲ့ ဝန်ကြီးချုပ်လောင်း ၃ ဦးရှိပြီး ခွန်ဆေထာ ထဝီးဆင်ကို အရွေးခံမယ်လို့  ထပ်ဆင်ရှင်နာဝပ်ရဲ့သမီး ဖဲထောင်းထန်းရှင်နာဝပ်က ပြောထားပါတယ်။ 

Ref : tnews

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024