တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာမှာ ဇူလိုင် ၁၉ ရက် ညနေ ၄ နာရီလောက်က ပုလောမြို့နယ်၊ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“အာဇာနည်နေ့မှာ ဆိုင်ကယ်သုံးစီးနဲ့ ရဲဘော်ငါးယောက် ပဝတ်ကုန်းလမ်းမကြီးအတိုင်း သွားတဲ့အချိန်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်လိုက်တာပါ။ ကျန်လေးဦးက လွတ်မြောက်သွားပြီး တဦးသေဆုံးသွားတာပါ။ ရဲဘော်ရဲ့ ရုပ်အလောင်းကိုလည်း ကျနော်တို့ဘက်က ပြန်လည်ရယူနိုင်ခဲ့တယ်” လို့ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးက ပြောပါတယ်။
“စကစတပ်သားတွေက အရင်က ပဝတ်ကုန်းဂိတ်မှာ အထိုင်ချပြီးနေတယ်။ ပဝတ်ကုန်း တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ပဝတ်ကုန်းမှာ အတည်တကျ ဂိတ်ထိုင်တာမျိုး မရှိဘူး။ ကင်းပုန်းဝပ်ပြီး နေတာပါ” လို့ ပဝတ်ကုန်းရွာ အခြေအနေကို သူက ဆက်ပြောပါတယ်။
အသက် ၂၂ နှစ်အရွယ် ရဲဘော် AK မှာ နားရွက်အောက် လည်ပင်းမှာ ကျည်ဒဏ်ရာနဲ့ ကျဆုံးခဲ့ပြီး ရုပ်အလောင်းကို ဇူလိုင် ၂၁ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။