Home
ဆောင်းပါး
စစ်ဗိုလ်ချုပ်တွေရဲ့ နံကြားထောက် လုပ်မိလုပ်ရာတွေ
DVB
·
July 21, 2023

၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို မဖျက်သိမ်းမီ သမိုင်းတရားခံ အဖြစ်ခံကာ စစ်အုပ်စုအသိအမှတ်ပြု NLD ပါတီအဖြစ် ဘယ်သူရပ်ခံရဲမလဲလို့ အကြမ်းဖက်စစ်အုပ်စုက ရှာဖွေခဲ့တယ်။

စစ်အုပ်စု စစ်ဖိနပ်အောက် ဒူးထောက်အညံ့ခံလိုတဲ့ တချိန်က NLD ပါတီဝင်တချို့ကို ဦးဆောင်မှုပေးနေသူ စန္ဒာမင်းကို တွေ့တယ်။ တွေ့တယ်ဆိုတာက စန္ဒာမင်းကိုယ်တိုင်ကိုက စစ်ဗိုလ်ချုပ်တွေ မမြင်မြင်အောင် လမ်းသလားပြနေတာကြောင့် တွေ့ရှိခြင်းပါပဲ။ အပျိုဖြန်းလေးတယောက် သူစိတ်ကစားနေသူတယောက် အိမ်ရှေ့ ရင်တလှပ်လှပ်ခုန်ကာ လမ်းဖြတ်လျှောက်ပြနေသလိုမျိုး။ ဟိုက လှမ်းမြင်လို့ လှမ်းခေါ်တော့လည်း ‘သမီးအသက်ကငယ်ငယ်၊ အိမ်ထဲဝင်သွားလို့ တခုခုဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ’ ဆိုတဲ့ စိုးရိမ်စိတ်က ကြီးနေပြန်တော့ မဝင်ဝံ့။

စန္ဒာမင်းက အဲဒီလို စစ်ဗိုလ်ချုပ်တွေက သူ့ကို လှမ်းခေါ်ကာ အလေးပြု သတိဆွဲခိုင်းပြီး မေးခွန်းထုတ်တဲ့အခါကျတော့ NLD ပါတီဆိုင်းဘုတ်ကို ဦးဆောင်မကိုင်ဝံ့။ သူ့ရဲ့ ပါတီတွင်းအဆင့်က ဗဟိုကော်မတီဝင်။ လူထုကြား ထင်ရှားမှုရှိသလားဆိုတော့ မြို့နယ်အဆင့် လူသိတဲ့ လွှတ်တော်အမတ်အဆင့်ထက်မပို။ ဒီတော့ စန္ဒာမင်းက သူ့ရှေ့ကနေ သူ့ထက် ပိုမိုက်လုံးကြီးရဲပြီး လူသိထင်ရှားရှိတဲ့ NLD ပါတီ ခေါင်းဆောင်တွေကို လိုက်ရှာရတယ်။ ဘယ်သူကမှ သူ့လို နိုင်ငံရေးမိုက်လုံးမကြီးကြတော့ အခက်တွေ့၊ ဘဝင်မကျ အပြစ်ပြောလို့လည်းမရ။

စစ်ဗိုလ်ချုပ်တွေ လွှတ်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ဆီ သွားတွေ့တယ်။ တိတိကျကျပြောရရင် NLD ပါတီ မှတ်ပုံတင်၊ မတင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သွားတီးခေါက်ခိုင်းတာပါ။ အာဆီယံရော ကုလသံတမန်ပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ တွေ့ခွင့်မပေးခဲ့တဲ့ စစ်အုပ်စုဟာ စန္ဒာမင်းကျမှ တွေ့ခွင့် ဘာ့ကြောင့်ပေးသလဲ။ NLD ပါတီဝင်ဆို ရပ်ကျေးပါတီဝင်ကအစ ရပ်ထဲ ရွာထဲ မနေနိုင်အောင် သတ်ဖြတ်ဖမ်းဆီးနေတဲ့ အခြေအနေမှာ NLD ပါတီ ဗဟိုကော်မတီဝင် စန္ဒာမင်းကျမှ မြို့ပေါ်မှာ အေးအေးဆေးဆေးနေထိုင်ခွင့် ဘာ့ကြောင့်ရနေသလဲ။ ဒေါ်အောင်ဆန်းစုကြည် မသိဘဲ ဘယ်နေလိမ့်မလဲ။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဘာမှ ပြန်ပြောလိုက်ပုံ မပေါ်ပါဘူး။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးစည်းစနစ်ကြီးသူမို့ ခြုံငုံသုံးသပ်လို့ရမယ့် အချက်အလက် ပြည့်ပြည့်စုံစုံမရှိဘဲ အလွယ်တကူ ကောက်ချက်ချတာမျိုး၊ တဦးတည်း ဆုံးဖြတ်ချက်တခုခု ချတာမျိုး လုပ်လေ့မရှိတာမို့ ဘာမှတ်ချက်မှ မပေးတာလည်း ဖြစ်နိုင်ပါတယ်။

ဒါကိုပဲ စန္ဒာမင်းက ပါတီတွေကို စစ်အုပ်စု ဖျက်သိမ်းခါနီးအချိန်မှာ နောက်တကြိမ် သူ့လူတွေ ဒေါ်အောင်ဆန်းစုကြည်ဆီလွှတ်ပြီး ကြိုးစားကြည့်ပြန်တယ်။ စစ်အုပ်စုက ပါတီတွေ ဖျက်သိမ်းတော့မယ်၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလုပ်မလဲလို့ သွားမေးခိုင်းတဲ့သဘော။ စန္ဒာမင်း မေးခိုင်းတာဟာ စစ်အုပ်စုသွားမေးခိုင်းတယ်လို့လည်း ကောက်ယူနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ဆီလာကြတဲ့လူတွေကို လက်ခံတွေ့ဆုံခြင်းပင် မရှိ။ လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါလို့ ဟာသနှောကာ ထောင်အာဏာပိုင်တွေကို အမှာဆင့်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူရှိရင် ပါတီရှိမယ်လို့ လမ်းညွှန်ချက် ပေးပြီးသား။ ဒါကို နောက်တမျိုး ထပ်ဖွင့်ဆိုရရင် စစ်အုပ်စုက ပါတီဖျက်သိမ်းမှာကို မကြောက်နဲ့၊ စစ်အုပ်စုဖျက်သိမ်းလည်း ပါတီမပျက်၊ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်ကြလို့ ဆိုလိုက်တဲ့သဘော။

အဲဒီမှာ စစ်အုပ်စုက သူတို့ဖြစ်စေချင်သလို NLD ပါတီက အညံ့မခံ။ NLD အလံကိုကိုင်ပြီး သူတို့ရှေ့မှောက် ဒူးထောက်မယ့်သူ မရှိလေတော့ ဟက်တက်ကွဲရ။ မြန်မာ့အရေး တရုတ်ဆေးမြီးတိုဖြစ်တဲ့ စစ်အုပ်စုလည်း ရွေးကောက်ပွဲလုပ်၊ NLD လည်း ရွေးကောက်ပွဲဝင်စေ ဆိုတဲ့လိုင်းကို စစ်အုပ်စုအလိုကျ NLD ပါတီဝင်တချို့နဲ့ ဖော်ဆောင်ချင်ပေမဲ့ ဘာမှ မတတ်သာတော့တဲ့အဆုံး NLD ပါတီကို ဖျက်သိမ်းလိုက်တော့တယ်။

ဒါပေမဲ့ မေလ ၂ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း နေပြည်တော် ရောက်ရှိလာပြီး နောက်မှာ တရုတ်ဆေးမြီးတို စစ်အုပ်စုရွေးကောက်ပွဲကို NLD ပါတီ ဝင်ပြိုင်မလားလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို စစ်ဗိုလ်ချုပ်တွေ သွားရောက် တီးခေါက်ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီလို အခေါ်အပြောတွေနဲ့လာတဲ့ စစ်ဗိုလ်ချုပ်တွေကို စကားတခွန်း မတုံ့ပြန်ဘဲ ရယ်နေမယ်လို့ ထင်ရပါတယ်။

ရွေးကောက်ပွဲကိစ္စမဟန်တော့ နောက်တနည်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလို့ ရမလားလို့ ထပ်ကြံစည်ကြဟန်တူပါတယ်။ စစ်အုပ်စုအလိုကျ သန်လျင်ကဘုန်းကြီး ပြည်သူ့ပလက်ဖောင်းဆီ ထုတ်လွှတ်လိုက်တဲ့ စစ်အုပ်စုငြိမ်းချမ်းရေးရဖို့ ဒေါ်အောင်ဆန်းစုကြည် ဝင်ကူပေး၊ စစ်အုပ်စု ဆုပ်ဆုပ်ကိုင်ကိုင် တိုင်းပြည် အုပ်ချုပ်လာနိုင်တဲ့အခါ ရေငုံနှုတ်ပိတ်ထိုင်ကြည့်ပြီး နိုင်ငံရေးမလုပ်တော့နဲ့ ဆိုတဲ့လိုင်းဟာ အင်မတန် အရှက်နည်းပြီး ဗြောင်ကျလွန်းလေတော့ ပြည်သူတွေရဲ့ကြား ဟားစရာ ဖြစ်ရပြန်တယ်။

ပြီးတော့ ဘာကြာလိုက်မလဲ။ မင်းအောင်လှိုင်ခန့် ဗိုလ်ချုပ် ၃ ဦး နေပြည်တော်အချုပ်ထောင်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဝင်ကူပေးဖို့ ပြောခဲ့ကြောင်း မီဒီယာပလက်ဖောင်းပေါ် တက်လာပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရေငုံနှုတ်ပိတ်။

ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည် တခုခုပြောတာကို ကြားချင်တာကြောင့်နဲ့ နိုင်ငံတကာဖိအားတွေ လျော့ပါးနိုင်မလားဆိုတဲ့ စိတ်ကူးယဉ်မှုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို စစ်အုပ်စု ထပ်လွှတ်လိုက်ပုံရပါတယ်။

ဇူလိုင် ၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အရေး ဆွေးနွေးမှုတွေကို ထောက်ခံကြောင်း ပြောကြားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ပြောပြ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ စကားဟာ ဆယ်ခွက်တခွက်တင် မယုံကြည်ရပေမဲ့ စစ်အုပ်စုကတော့ ချက်ချင်းဆိုသလိုပဲ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်မှုကို မလိုလား၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုသာ လိုလားကြောင်း သူတို့ဘာသာ အတည်ပေါက် ဖွင့်ဆိုလိုက်တော့တယ်။

ဇူလိုင် ၁၇ ရက်နေ့၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲကင်းရှေ့မှာ ခရီးသွားပြည်သူတွေကို စစ်အုပ်စုက ဝါဒဖြန့်စာရွက်တွေ ဝေတယ်။ အဲဒီစာရွက်ထဲ ရေးထားတဲ့ အနှစ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ဟာ လက်နက်ကိုင်လမ်းစဉ်ကို လက်မခံ၊ NUG အစိုးရနဲ့ PDF တွေကို လက်မခံဘူး ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တုန်းကပဲ ပြောသလိုလို ဘာလိုလို စစ်အုပ်စုက အဲဒီလို လိမ်ညာ ဝါဒဖြန့်ပါတော့တယ်။

စစ်အုပ်စုရဲ့ လတ်တလော အဖြစ်ချင်ဆုံးဆန္ဒက ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးအင်အားစုတွေကို ခွဲပစ်ရေးပဲဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ကူးယဉ်တိုင်းလည်း လက်တွေ့ဖြစ်မလာဘူးဆိုတာ သူတို့ ကောင်းကောင်းသိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူအပေါ် ဩဇာကြီးလှတဲ့ ဒေါ်အောင်ဆန်းစုကြည်က NUG အစိုးရနဲ့ PDF တွေကို လက်မခံဘူးလို့ လိမ်ညာဝါဒဖြန့်လိုက်ရင် ပြည်သူတွေ ဇဝေဇဝါဖြစ်သွားမလားလို့ ထပ် အိပ်မက်မက်ကြည့်တဲ့ သဘောပါပဲ။

ပြောရရင် အခြေမလှတဲ့ စစ်ဗိုလ်ချုပ်တွေက အနာနဲ့ဆေး တွေ့မလားလို့ ဟိုဟာကောင်းနိုး၊ ဒါကောင်းနိုးနဲ့ နံကြားထောက် မှန်းဆ လုပ်မိလုပ်ရာ လုပ်ကြည့်တဲ့သဘောပါပဲ။

သေချာတာက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလို့ မရသလို ပြည်သူကိုလည်း လှည့်ဖျားလို့ မရပါဘူး။ နွေဦးတော်လှန်ရေးဟာ ရှေ့သို့လှမ်းဖို့လမ်းသာ ရှိပါတော့တယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024