ဆွီဒင်နိုင်ငံမှာ ကိုရမ်ကျမ်း မီးရှို့ခံရမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဇူလိုင် ၂၀ ရက် မနက်အစောပိုင်းက ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်ရှိ ဆွီဒင်သံရုံးကို ဝင်ရောက် စီးနင်းခဲ့ကြပြီးတော့ အဆောက်အဦကို မီးရှို့ခဲ့ကြပါတယ်။
ဘဂ္ဂဒက်ရှိ ဆွီဒင်သံရုံးမှ တာဝန်ရှိသူတွေက သံရုံးဝန်ထမ်းတွေ အားလုံး ဘေးကင်းကြောင်း ပြောကြားခဲ့ပါတယ်။
ဝင်ရောက်စီးနင်းချိန်မှာ သံရုံးအတွင်း လူတဦးတယောက်မျှ ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး အီရတ်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အမြန်စုံစမ်းစစ်ဆေးဖို့နဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး သူတို့ လုပ်ရပ်တွေ အတွက် အရေးယူဖို့ ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သံတမန်မစ်ရှင်အဖွဲ့တွေကို ကာကွယ်ပေးဖို့ အီရတ်အာဏာပိုင်တွေ လိုအပ်ချက်ရှိနေကြောင်းလည်း အလေးပေးဖော်ပြခဲ့ပါတယ်။
ကြာသပတေးနေ့ ဆန္ဒပြပွဲဟာ ဒီသီတင်းပတ်ချီ ကာလအတွင်း ဆွီဒင်မှာ ဒုတိယအကြိမ် စီစဉ် ထားတဲ့ ကိုရမ်ကျမ်းမီးရှို့ခြင်းကို ကန့်ကွက်ဆန္ဒပြဖို့ ရှီးယိုက် ဘာသာရေးခေါင်းဆောင် မပ်ဂ်တာဒါ ဆာဒါရဲ့ ထောက်ခံသူတွေက တောင်းဆိုခဲ့တာလို့ ဆာဒါးနဲ့ ဆာဒါးကို လိုလားတဲ့ တခြားမီဒီယာတွေရဲ့ တယ်လီဂရမ်ပို့စ်တွေအရ သိရပါတယ်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ အီရတ်သံရုံးအပြင်ဘက်မှာ လူထုတွေ့ဆုံပွဲအတွက် လျှောက်ထားမှုကို ဆွီဒင်ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ခွင့်ပြုခဲ့ကြောင်း ဆွီဒင်သတင်းဌာန TT က ဇူလိုင် ၁၉ ရက် မှာ ဖော်ပြပါတယ်။
Source-Reuters