မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၉လမ်း၊ ( ၇၁x၇၂ )လမ်းကြားရှိ လူနေအဆောက်အအုံတွေမှာ ဇူလိုင် ၂၀ ရက်၊ မနက်က ဝါယာရှော့ဖြစ်ကာ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးဗဟိုမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မနက် ၉ နာရီခွဲခန့်က မီးလောင်မှု သတင်းသတင်းရရှိတာကြောင့် မဟာအောင်မြေမြို့နယ် မီးသတ် တပ်ဖွဲ့နဲ့ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တွေ၊ အရပ်ဖက်အသင်းတွေက Level 1 အဆင့် ငြှိမ်းသတ်ခဲ့ ကြတာပါ။
မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူ တဦးက “အိမ်က ၅ လုံး လောင်သွားတယ်၊ ဆားဗစ် လုပ်တဲ့ အိမ်အပေါ်ထပ် အနောက်ဖက်အခန်း ဘတ္ထရီအားသွင်းစက်က လောင်တာ၊ ဘေးအိမ်တွေပါ ကူးသွားတာ၊ လူထိခိုက်တာတွေတော့ မတွေ့ရပါဘူး ” လို့ ဆိုပါတယ်။
မီးလောင်မှုဟာ လပြည့်ဝန်း လျှပ်စစ်ပစ္စည်းပြုပြင်ရေးလူနေဆိုင်အပေါ်ထပ်ကနေ စတင်တာဖြစ်ပြီး ဓာတ်ခဲအားသွင်းရာကနေ အပူလွန်ကဲ ရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုအတွင်း လပြည့်ဝန်း ၂ ထပ်အိမ်ဆိုင် ၁လုံး၊ ဘေးကပ်လျက်ရှိ ၂ ထပ်အဆောက်အဦ ၃ လုံး၊ ၁ ထပ်အိမ် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
မီးလောင်မှုကို သက်ဆိုင်ရာမြို့နယ်မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အရပ်ဖက် အသင်းတွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၉နာရီ ၅၄ မိနစ်မှာ မီးထိန်း၊ နံနက် ၁၀ နာရီမှာ မီးငြိမ်းသွားပါတယ်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို သက်ဆိုင်ရာဥပဒေပုဒ်မနဲ့ မဟာအောင်မြေရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။