Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် တိုက်ပွဲ ၃၀ ခန့်ဖြစ်၊ စစ်ကောင်စီဗိုလ်မှူးကြီး အပါအဝင် ၄၀ ကျော် သေဆုံး
DVB
·
July 21, 2023

ပြီးခဲ့တဲ့ ဇွန်တလတာအတွင်း ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထဲမှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း အကြိမ် ၃၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီး  တယောက်၊ ဒု-ဗိုလ်မှူးကြီးတယောက်နဲ့ နယ်ထိန်းရဲအရာရှိ တယောက် အပါအဝင် စုစုပေါင်း ၄၆ ယောက် သေဆုံးခဲ့ပြီး ၂၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ဘက်ဆိုင်ရာ ကြေးနန်းမှတ်တမ်းတွေအရ ခုလိုထုတ်ပြန်ထားတာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ စစ်ရေးကွပ်ကဲမှုအောက်က ပူးပေါင်းစစ်ကြောင်းတွေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က တယောက်ကျဆုံးခဲ့ပြီး တယောက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန်လအတွင်း လေကြောင်းနဲ့ ၃ ကြိမ် ဗုံးကြဲပစ်ခတ်ခဲ့ပြီး အဆိုပါ ဗုံးကြဲပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတကျောင်း အနည်းငယ်ပျက်စီးခဲ့ကာ ပြည်သူလူထုနေအိမ်နှစ်လုံး ပျက်စီးခဲ့ရတယ်လို့လည်း ကေအန်ယူမှတ်တမ်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ၁၂ ကြိမ်ထိ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး ၂ ယောက် အပါအဝင် အပြစ်မဲ့ပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေဟာ နေ့စဥ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေရပြီး အပြစ်မဲ့ပြည်သူများစွာ စစ်ဘေးရှောင်နေကြရတဲ့အပြင် မိုးတွင်းကာလဖြစ်တာကြောင့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးနဲ့ ကုသမှုတွေ လုံလုံလောက်လောက် မရှိတာတွေ စတဲ့ အခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကေအန်ယူ−ဗဟိုက ပြောပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံတဝန်းမှာတော့ နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ သန်းနီးပါးထိ ရှိလာနေပြီး အရေးပေါ် အသက်ကယ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024