Home
မြန်မာသတင်း
ထိုင်းဆန္ဒပြပွဲများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ မပါဝင်ရန် သတိပေး
DVB
·
July 20, 2023

ထိုင်းနိုင်ငံမှာ ဇူလိုင် ၁၉ ရက်က Move Forward ပါတီဥက္ကဋ္ဌ ဖိထားကို လွှတ်တော်အမတ် အဖြစ်ကနေ ယာယီရပ်စဲခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးချယ်ခွင့်ကို ထိုင်းလွှတ်တော်မှာ ပယ်ချလိုက်တဲ့အတွက် ဖိထားကို ဝန်းရံကြတဲ့ ထိုင်းပြည်သူတွေဟာ လွှတ်တော်ရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းပြည်သူတွေဟာ လွှတ်တော်ရှေ့၊ အစိုးရရုံးရှေ့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့က အထင်ကရနေရာတွေမှာ ဆန္ဒပြတောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီကာလဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအကူးအပြောင်းကာလ ဖြစ်တာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ နိုင်ငံရေး ဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေး ပြောဆိုထားပါတယ်။

LRF - အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း တာဝန်ရှိသူ ဦးအောင်ကျော်က “ကျနော်တို့က နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တဲ့အတွက် သူ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ မသင့်လျော်ဘူး။ ပြီးခဲ့တဲ့ မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ စုပေါင်းချီတက်ကြတဲ့အခါ မလိုလားအပ်ဘဲနဲ့ မြန်မာတွေက နိုင်ငံတကာ အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုတဲ့အခါ ထိုင်းတက်ကြွလှုပ်ရှားသူတွေက သူတို့ ရေးသားဖော်ပြထားတဲ့ ပိုစတာတွေကိုင်ပြီး မြန်မာအလုပ်သမားတွေရှေ့ ဆန္ဒပြကြတဲ့အခါ ထိုင်းအစိုးရက မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရေးမှာ ဝင်ရောက် ပတ်သက်နေတယ်လို့ ပြောပြီး သူတို့တွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ပြည်နှင်ဒဏ်ပေးမယ်ဆိုပြီး ဖြစ်ခဲ့ဖူးတယ်။”

“လွတ်လပ်ခြင်းကို ချစ်မြတ်နိုးတယ်၊ ဒီမိုကရေစီ ချစ်မြတ်နိုးရင်တောင် ရင်ထဲမှာ ထားသင့်တယ်။ နိုင်ငံရေးမှာ သွားမပတ်သက်သင့်ဘူး။ ကိုယ်တိုင်က နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား ဖြစ်တဲ့အတွက် တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းသွားတာ ဖြစ်မှာစိုးတဲ့အတွက် အထူးဂရုပြု ဆောင်ရွက်ဖို့ လိုအပ်တယ်။ လူစုလူဝေးရှိတဲ့နေရာ ဆူပူအုံကြွမှုရှိနိုင်တဲ့ နေရာဆိုရင် ရှောင်ရှားသွားလာရမယ်။ မလိုအပ်ဘဲ အပြင်မထွက်ရင် ပိုကောင်းမယ်။ ထွက်ခဲ့ရင်တောင် မိမိရဲ့ တရားဝင် စာရွက်စာတမ်းတွေ ကိုယ်နဲ့မကွာ ထားသင့်တယ်။ အကယ်၍ ဖြစ်ပေါ်လာခဲ့ရင် ဖမ်းဆီးသိမ်းကျုံးလိုက်ရင် ကိုယ့်ရဲ့နိုင်ငံသားတွေအပြင် ရွှေ့ပြောင်းလုပ်သားတွေအားလုံး ဂရုပြုကြဖို့လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းတည်ဆဲဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင်ဆောင်ရွက်ခွင့်မရှိတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ရင် ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်၊ ဒဏ်ငွေ ဘတ် ၁ သိန်းကနေ ၂ သိန်းအထိ ချမှတ်ခံရနိုင်ပြီး ဆန္ဒပြပွဲအတွက် စာရွက်စာတမ်း ဖြန့်ဝေပေးတာ၊ လူစုဆောင်းပေးတာဆိုရင် ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်၊ ဒဏ်ငွေ ဘတ် ၂ သိန်းကနေ ၅ သိန်းအထိ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မိမိတို့ရဲ့ အလုပ်သမားအခွင့်အရေး ဒါမှမဟုတ် တခြား အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဆန္ဒပြမယ်ဆိုရင်တောင် ထိုင်းနိုင်ငံရဲ့ အရေးကြီး လှုပ်ရှားမှုနေ့တွေကို ရှောင်ရှားသင့်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က သတိပေး ပြောပါတယ်။

“မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ နိုင်ငံခြားသားတွေဖြစ်တယ်။ နိုင်ငံခြားသားတွေ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ တခြားသော ဆက်စပ်ရေးတွေမှာ ပါဝင်ခွင့်မရှိဘူး။ အလုပ်ရှင်ကဖြစ်စေ တခြားသော သြဇာတိက္ကမ ရှိသူကဖြစ်စေ ငွေပေးလို့၊ အခွင့်အရေး တစုံတရာပေးလို့၊ ဖိအားပေး ခြိမ်းခြောက် အကျပ်ကိုင်လို့ဖြစ်စေ ဘယ်လိုနည်းနဲ့မှ ထိုင်းနိုင်ငံရေးထဲမှာ ပါဝင်ခွင့်မရှိဘူးဆိုတာ သိထားကြဖို့ရယ်၊ စပ်စပ် စပ်စပ် ပါတတ်ကြတဲ့ ဆန္ဒပြသူတွေ ထိုင်းနိုင်ငံရဲ့ အရေးကြီးလှုပ်ရှားမှုနေ့တွေ ရှောင်လိုက်ပါ။”

“အထူးသတိချပ်ရမှာက ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အလှည့်အပြောင်းက တော်တော်အရေးကြီးတဲ့ ချောက်ကမ်းပါးဘက် နီးနေပြီ။ ထိုင်းနိုင်ငံ အရပ်သားအစိုးအရဘက် ကူးပြောင်းမှာလား၊ အရင့်အရင်ကရှိခဲ့တဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို ကျောထောက်နောက်ခံပြုထားတဲ့ စစ်အုပ်ချုပ်ရေးစနစ်ကို ပြန်သွားမှာလား၊ နောက်ကြောင်းပြန်လှည့်မှာလား ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ချောက်ကမ်းပါးထဲကို ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထောက်ချောက်အနေနဲ့ဖြစ်စေ၊ အသုံးချခံဖြစ်စေ မပါဝင်ကြဖို့ ဝေးဝေးရှောင်ကြပါလို့ သတိပေးလိုပါတယ်” လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် စတဲ့နိုင်ငံတွေကနေ ရွှေ့ပြောင်းလုပ်သားတွေ သန်းချီ အလုပ် လုပ်ကိုင်နေကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က ထိုင်းမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ သက်တမ်းကုန် MoU လုပ်သားတွေအတွက် တရားဝင် အထောက်အထား စာရွက်စာတမ်း ပြုလုပ်ဖို့ ထိုင်းအစိုးရက ဇူလိုင် ၃၁ ရက်အထိ ခွင့်ပြုထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းကနေ ၅ သန်း ဝန်းကျင် ရှိနေပြီလို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024