Home
မြန်မာသတင်း
ကွတ်ခိုင်နှင့် မြစ်ကြီးနား-ဗန်းမော်လမ်းတို့တွင် တိုက်ပွဲဖြစ်၊ အိမ် ၁ လုံးမီးလောင်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ
DVB
·
July 20, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာအကျော် ခိုမုန်းရွာ အရှေ့ဘက်က ကောင်ရာတောင်ကြောမှာ ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်း စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားရာ ကောင်ရာ (ဇွပ်ရာ) ရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အိမ် ၁ လုံး မီးလောင်ပြာကျကာ အိမ် ၂ လုံးနဲ့ ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"မီးလောင်သွားတာက ကောင်ရာရွာမှာ။ ကောင်ရာရွာက ခိုမုန်းရွာရဲ့ တဖက်မှာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ကောင်ရာတောင်ကြောမှာ တိုက်ပွဲဖြစ်တာကြောင့် နမ့်ဖတ်ကာ အခြေစိုက် ခလရ - ၁၂၃ စစ်ကောင်စီ တပ်ကနေ ပစ်ကူလိုက်တဲ့ လက်နက်ကြီးကျည်က ကောင်ရာရွာမှာ ကျရောက်ပေါက်ကွဲပြီး ပြည်သူတွေရဲ့ နေအိမ် ၁ လုံး မီးလောင်၊ နေအိမ် ၂ လုံးနဲ့ ဘုန်းကြီးကျောင်းက ကျည်ထိမှန် ပျက်စီးသွားပြီး လူထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူးလို့ သူက ရှင်းပြပါတယ်။ 

ပြည်ထောင်စု ကားလမ်းမကနေ လှမ်းမြင်နေရတဲ့ ခိုမုန်းအကျော်က ရှမ်းရွာမှာ မနေ့ညနေကလည်း တိုက်ပွဲဖြစ်တယ်လို့  ဒေသခံ နောက်တဦးက ပြောပါတယ်။ 

"အဲဒီမှာ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးလည်း အဲမှာပဲ ပစ်ထည့်နေတာ။ ရွာကလူတွေက ထွက်ပြေးကုန်ပြီပေါ့။" 

ဒေသခံတွေက မိမိနီးစပ်ရာရွာ၊ ဆွေမျိုးအသိအိမ်တွေမှာ ခိုလှုံနေကြရပြီး ဒီနေ့ တိုက်ပွဲငြိမ်သွားပေမယ့် ဘယ်သူမှ ရွာဘက်ကို မပြန်ရဲသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းကလည်း ကောင်ရာဘွမ်မှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာအနီး စစ်ကောင်စီရဲ့ လက်နက်ကြီး ခါ့ဆန်ရွာက လီဆူဘုရားကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့သလို ခါ့ဖောက်ရွာက နွားတင်းကုပ်မှာလည်း ကျရောက်ပေါက်ကွဲပြီး နွား ၄ ကောင် သေဆုံးခဲ့ပါသေးတယ်။ 

ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် အူရာဘွမ် ကောင်းလိမ်ကျေးရွာအုပ်စုရှိ နားဖိုင်ရွာမှာ နမ့်ဖတ်ကာ အခြေစိုက် ခလရ - ၁၂၃ က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်လို့ မန်းကလေး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံးလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။ 

မူဆယ် - လားရှိုး ပြည်ထောင်စု လမ်းမ နဲ့ အနီးနား ဝန်းကျင်တလျှောက် ဇူလိုင်လအတွင်း စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ထိတွေ့တိုက်ပွဲ နေ့တိုင်း နီးပါးဖြစ်လာပြီး တခြားတိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ် (TNLA)၊ ကိုးကန့် MNDAA တို့နဲ့လည်း ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။ 

မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဂျာပူရွာအနီးမှာလည်း ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီကျော်လောက်ကစပြီး စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲထပ်မံဖြစ်ပွားပြီး တိုက်ပွဲဖြစ်နေချိန် ဖြတ်လာတဲ့ ကားတစီး ပစ်ခံရကာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဂျာပူနား ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အမှတ် ၁ ခြေမြန်တပ်ရင်း ထိတွေ့တိုက်ပွဲ ဖြစ်တာလို့ သူကပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန် မွန်းလွဲပိုင်းမှာတော့ ဖြတ်သန်းခွင့်မပြုဘဲ မောင်းနှင်လာတဲ့ အရပ်သားကားတစီး ဆမားလမ်းဆုံနားမှာ ပစ်ခတ်ခံရပြီး ၃ ဦး ထိသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပြည်သူ ဟုတ်တယ်၊ ပြည်သူ၊ မဖြတ်လာနဲ့လို့ပြောတာ ဖြတ်လာလို့ ပစ်ခံရတာ။ ၃ ယောက် ထိတယ်။”

ထိသွားတဲ့အထဲမှာ စကားပြန် တရုတ်အမျိုးသမီးတဦး ပါဝင်ပြီး သေလား ရှင်လား ဆိုတာနဲ့ ဘယ်အဖွဲ့ကပစ်တာကိုတော့ မသိလိုက်ဘူးလို့ သူကပြောပါတယ်။

ဒေသခံတွေကတော့ စဖြစ်ကတည်းက အဲဒီလမ်းကို ဘယ်သူမှ မသွားကြတော့ဘူးလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးကလည်း “ဒီလောက်တိုက်ပွဲဖြစ်တာ ဖြတ်လာတာ။ သူတို့လိုတာပေါ့။ ပြဿနာကို မီးထွန်းရှာတယ် ဆိုတာ အဲလိုမျိုးပေါ့” လို့ ပြောပါတယ်။

KIA ကလည်း စစ်ကောင်စီအနေနဲ့ စစ်ကြောင်းထိုး၊ စစ်ရေးလှုပ်ရှားနေတာတွေ အဆက်မပြတ် ပြုလုပ်နေပြီး နေရာမရွေး၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံမှုရှိစေရေး လိုက်နာဖို့ သတိပေးတဲ့ အသိပေးကြေညာစာကို ဇူလိုင် ၄ ရက်က ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်စာမှာ ဗန်းမော်-မြစ်ကြီးနားလမ်းတကြော ခရီးသွားလာတာတွေ တတ်နိုင်သလောက် ရှောင်ကြဉ်ရန်၊ ကား၊ ဆိုင်ကယ်၊ ခြေကျင် မဖြစ်မနေ သွားလာဖို့ လိုအပ်လာရင် တိုက်ပွဲအခြေအနေကို စုံစမ်းနားစွင့်ပြီးမှသာ သွားလာရန်၊ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် သွားလာခြင်းမပြုရန်၊ စစ်ရေးအခြေအနေ တင်းမာတဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေ၊ တိုက်ပွဲဖြစ်ပွားနိုင်ချေရှိတဲ့ နေရာတွေဘက် သွားလာခြင်းကို သတိထား ရှောင်ကြဉ်ရန်၊ စစ်ကောင်စီနဲ့ အစီအစဉ်၊ လူ၊ ပစ္စည်းတွေ ပတ်သက်တာမျိုး မရှိအောင် ရှောင်ကြဉ်ရန် လုံခြုံရေးကို အဓိကထား ထုတ်ပြန် အသိပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားတဲ့ ဇူလိုင် ၄ ရက်မှာလည်း နမ်ဆန်ယန်ကနေ ဆိုင်ကယ်စီး ဖြတ်သန်းလာတဲ့ အရပ်သားတဦး ပေါင်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ ဦးတည်ထိုးစစ်ဆင်နေတဲ့ နမ်ဆန်ယန်ဘက်ရောက်တဲ့ ဗန်းမော်-နမ်ဆန်ယန်-မြစ်ကြီးနား လမ်းမတကြော တိုက်ပွဲတွေဖြစ်ပွားနေပြီး လမ်းတွေကိုလည်း သွားလာခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024