ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ ဇူလိုင် ၂၀ ရက် ဒီမနက် အစောပိုင်းက တရားမဝင်မြန်မာ အလုပ်သမားတွေ တင်ဆောင်လာတဲ့ ဟိုင်းလပ်စ်ကား တစီးနဲ့ ၆ ဘီးတပ်တပ် ကုန်တင်ကားတို့ တိုက်မိပြီး ဟိုင်းလပ်စ်ကားပေါ်က လူ ၅ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရသွားတယ်လို့ ချနယ်လ် ၇ ထိုင်း သတင်းမှာ ဖော်ပြပါတယ်။
ဒီမနက် ၄ နာရီလောက်က တာ့ခ်မြို့နယ် ဖဟွန်ယိုးထင်းအမြန်လမ်းမကြီးပေါ်မှာ ယာဉ်တိုက် မှုဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေရှိကြောင်း သတင်းပေးချက်ရတဲ့အတွက် အရေးပေါ် လူနာတင်ကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ တာ့ခ်မြို့နယ်ရဲစခန်း တာဝန်ကျ ရဲအုပ် ဆစ်ထိချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ မီးပွိုင့်အနီးမှာဖြစ်ပြီး လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ ထိခိုက်ဒဏ်ရာရသူတွေ တွေ့သလို ပျက်စီးနေတဲ့ကားထဲကလည်း နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားသံတွေ ကြားရတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရသူတွေကိုကို တာ့ခ်ဆင်မဟာရတ်ဆေးရုံသို့ အမြန်ပို့ဆောင်ပြီး ပျက်စီးနေတဲ့ကားကို သံဖြတ်လွှနဲ့ဖျက်ကာ အထဲကပိတ်မိသူတွေ ဆွဲထုတ်ခဲ့ကြောင်း၊ ဒီယာဉ်တိုက်မှုမှာ လူ ၅ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဆိုပါတယ်။
ဟိုင်းလပ်စ်ကားပေါ် လိုက်ပါလာသူ စုစုပေါင်း ၁၇ ဦးရှိကြောင်း၊ အားလုံး မြန်မာနိုင်ငံသားတွေဖြစ်ကာ မဲဆောက်ဘက်ကနေ ချွန်းပူးရီးခရိုင်မှာ အလုပ်သွားလုပ်ဖို့ ဖြစ်ကြောင်း၊ ယာဉ်မောင်းဖြစ်သူကတော့ အခင်းဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သူတို့ကားနဲ့ တိုက်မိတဲ့ ၆ ဘီးတပ်ကုန်တင်ကားလည်း ရှေ့မှန်တွေကွဲပြီး တိမ်းမှောက်နေကြောင်း ၊ ယာဉ်မောင်းဖြစ်သူကတော့ အသက်ဘေးကနေ လွတ်ခဲ့ပါတယ်။
အသက် ၂၆ နှစ်ရွယ် နိုင်းကျတူးလုန်ဆိုသူ ကုန်တင်ကားမောင်းသမား ပြောပြချက်အရ သူဟာ ဗိစနုလုတ်ခရိုင်ဘက်ကနေ ကုန်ပစ္စည်းတွေတင်လာပြီး မဲဆောက်ကို သွားချပေးဖို့ဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့နေရာမှာ အိပ်ငိုက်ပြီး သတိလွတ်သွားစဉ် ရှေ့က မီးနီ/မီးစိမ်းကို သတိမထားမိဘဲ ဖြတ်မောင်းရာက မျက်နှာချင်းဆိုင်ကနေ အမြန်မောင်းလာတဲ့ ဟိုင်းလပ်စ်ကားနဲ့ အရှိန်ပြင်းစွာ တိုက်မိခဲ့တာလို့ ဝန်ဟဝန်ခံသွားပါတယ်။
ဟိုင်းလပ်စ်ကားပေါ်က သေဆုံးဒဏ်ရာရသူတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အလုပ်သမားတွေလို့ ကနဦးယူဆပြီး အထောက်အထားတွေ ရှိ၊ မရှိ စစ်ဆေးလို့မရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။
Ref: Channel 7