ရာသီကြိုခြေစမ်းပွဲ ကစားမယ့် လီဗာပူးလူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ ဟန်ဒါဆန်ဟာ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။
လီဗာပူးအသင်းဟာ မနေ့ညက ဂျာမန်မြေမှာ လိဂ် ၂ ကလပ် ဟားစ်ဟူဝါအသင်းနဲ့ ခြေစမ်းကစားခဲ့ပြီး ဟန်ဒါဆန်ကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာပါ။
ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ်အစ်တီဖက် အသင်းဟာ လီဗာပူး အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ မက်မောစရာ လုပ်ခလစာနဲ့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
ဟန်ဒါဆန်အနေနဲ့ ဆော်ဒီကလပ်မှာ တပတ်လုပ်ခ ပေါင် ၇ သိန်းအထိ ရရှိနိုင်ပြီး လီဗာပူးမှာ ရရှိနေတဲ့ လုပ်ခထက် ၄ ဆလောက် ပိုမိုများပြားတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မီလ်နာ၊ နာဘီကီတာနဲ့ ချိန်ဘာလိန်တို့ကိုလည်း ထွက်ခွာခွင့်ပေးထားပြီး ဟန်ဒါဆန်ရဲ့ နေရာမှာ တခြားကစားသမားသစ် ထပ်ခေါ်ဖို့ ပြင်ဆင်ထားပါတယ်။
လီဗာပူးအသင်း ပရိသတ်တွေထဲက လိင်တူချစ်သူပရိသတ်အဖွဲ့ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ ဆော်ဒီလိဂ်ဆီ မပြောင်းရွှေ့ဖို့ ဟန်ဒါဆန်ကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။