Home
မြန်မာသတင်း
နိုင်ကျဉ်းများအား ဥပဒေမဲ့ သတ်ဖြတ်နေမှုအပေါ် အရေးတကြီး စစ်ဆေးအရေးယူရန် အေအေပီပီ တိုက်တွန်း
DVB
·
July 20, 2023

အခုလပိုင်း အကျဉ်းထောင်တွင်းနဲ့ စစ်ကြောရေးတွေမှာ အာဏာလုစစ်အုပ်စုက ဥပဒေမဲ့ သတ်ဖြတ်မှုတွေအပေါ် အရေးတကြီး စစ်ဆေးအရေးယူဖို့ လိုအပ်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်က ဒိုက်ဦး (ကျိုက်ဇကော) ထောင်က နိုင်ငံရေးအကျဉ်းသား ၃၇ ယောက် ပျောက်ဆုံးနေခဲ့ပြီး ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာတော့ ကိုခန့်လင်းနိုင်(ခ) ကိုခန့်(ခ) လက်ဝဲနဲ့ ပြည့်ဖြိုးဟိန်း(ခ) ကိုပြည့် တို့ရဲ့ မိသားစုတွေဆီ ဒိုက်ဦးအကျဉ်းထောင် ဦးစီးအရာရှိက သူတို့ဟာ ဇွန် ၂၇ ရက်က သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အခုနောက်ပိုင်းမှာလည်း အဆိုပါပျောက်ဆုံး နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေဆီ တရက်ချင်း သေဆုံးကြောင်း အကြောင်းကြားစာတွေ ပေးပို့နေတာကို အေအေပီပီက သိရှိနေရပြီး ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေကို တရားမဲ့ သတ်ဖြတ်နေရုံသာမက သူတို့ရဲ့ မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်နေတာလည်း ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ “အခုရက်ပိုင်းအတွင်း အကျဉ်းထောင်တွင်း သေဆုံးမှုတွေလည်း ခပ်စိပ်စိပ် ကြားနေရတယ်။ ဒိုက်ဦးထောင်မှာပဲ နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်တဲ့ ကိုအောင်စိုးမိုး(ခ)မဲလုံးဟာ ဒီလ ၁၆ ရက်နေ့မှာ သေဆုံးသွားခဲ့ပြီး ဝေါမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီဟာ ၁၇ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ ထို့အတူ မက်ဒယ်ဝိတ်တန်း လက်ဝှေ့သမား တူးတူး(ခ)နဂါးမာန်ဟာ ဧပြီလ ၂၆ ရက်နေ့က ညှဉ်းပန်းနှိပ်စက်မှုကြောင့် စစ်ကြောရေးမှာ သေဆုံးခဲ့တာကို ဒီလ ၁၃ ရက်နေ့မှာမှ မကွေး ရဲစခန်းက မိသားစုအားခေါ်ယူပြီး သေဆုံးကြောင်း အသိပေးခဲ့တယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က လွတ်ရက်စေ့ပြီး သထုံအကျဉ်းထောင် ပြန်လွတ်လာတဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင်ဟာ အိမ်အပြန်လမ်းမှာ ပြန်အဖမ်းဆီးခံရပြီးတော့ ဒီနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်။ ဒါတွေဟာ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူသတ် အလောင်းဖျောက်တဲ့ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သက်သေပြနေတာပဲဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်က ဒိုက်ဦးထောင်က ပျောက်ဆုံးနိုင်ငံရေးအကျဉ်းသားတွေထဲ ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်း တို့အပြင် ကိုရာလေး(ခ)ဇင်မြင့်ထွန်း၊ ဂျာကြီး(ခ)ဝေယံလွင်၊ ဇင်ဝင်းထွဋ်(ခ)ဗလကြီး(ခ)တရုတ်ကြီး၊ အောင်မျိုးသူ၊ ဘိုဘိုဝင်း(ခ)ထန်းတောကြီး၊ နေအေး(ခ)အာကာထက်ပိုင်မျိုးတို့လည်း  သေဆုံးသွားခဲ့တယ်လို့ အေအေပီပီက ဒီက‌နေ့ပဲ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားရသူတွေ၊ မြို့ရွာတွေကို စစ်ကြောင်းထိုးကာ လူသတ် မီးရှို့မှုတွေ၊ အကျဉ်းထောင်တွင်း သေဆုံးမှုတွေ အခုရက်ပိုင်းအတွင်း ပိုမိုများပြားလာခဲ့ပြီး အဲဒီလို အာဏာလုစစ်တပ်က ပြည်သူလူထုအပေါ် လက်လွတ်စပယ် သတ်ချင်တိုင်း သတ်နေတာက ပြည်တွင်းသာမက နိုင်ငံတကာတရားရေးမဏ္ဍိုင်ကိုပါ  စိန်ခေါ်တဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါကြောင့်မို့ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ အေအေပီပီအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေဆီ မြန်မာအာဏာလုစစ်တပ်ရဲ့ ပြည်သူတွေအပေါ် တရားလက်လွတ် အနိုင်ကျင့်သတ်ဖြတ်နေမှုတွေအပေါ် အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ်ကာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်း ဆောင်ရွက်ကြဖို့ တိုက်တွန်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၈၀၀ ကျော်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၂၃,၉၁၉ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၅၃၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၈၅၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၂၂ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၈၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024