Home
မေးမြန်းခန်း
“စစ်အာဏာရှင်တွေဟာ အစိုးရအဖြစ် အသိအမှတ်ပြုဖို့ မထိုက်တန်ပါဘူး” တွမ်အန်ဒရူးနှင့် မေးမြန်းချက်
DVB
·
July 19, 2023

လူ့အခွင့်အရေးချိုး ဖောက်တာတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေဟာ အစိုးရအဖြစ် အသိအမှတ်ပြုဖို့မထိုက်တန်ပါဘဲ ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ပေးတာမျိုးပဲ  ထိုက်တန်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဒီဗွီဘီကို ပြောပါတယ်။ 

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်တွေဟာ မြန်မာလူထုအပေါ်မှာ နည်းမျိုးစုံနဲ့  လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်နဲ့  မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်တို့က ထောက်ပြ ပြောဆိုထားပါတယ်။ 

ဒါ့အပြင် စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ) ဆီကို လွှဲပြောင်းပေးဖို့လည်း  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက တိုက်တွန်းထားပါတယ်။ မြန်မာ့အရေး အာဆီယံရဲ့ ဆောင်ရွက်ချက်တွေနဲ့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရာမှာ အာဆီယံနိုင်ငံတချို့ ဆက်နွှယ်နေတာတွေ၊ အနောက်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ  ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကို ဒီဗွီဘီသတင်းဌာနမှ မယမင်းမြတ်အေးက ဆက်သွယ် မေးမြန်းထားပါတယ်။ 

(မေးမြန်းချက်အပြည့်အစုံ) 

မေး။ လူကြီးမင်းရဲ့ အစီရင်ခံစာမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် လေးလေးနက်နက် သဘောထားဖို့ ပြောထားတာတွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

တွမ်အန်ဒရူးစ်။ “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်နေတာတွေ၊ စစ်ရာဇတ်မှုတွေ ကျူးလွန်နေတာတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ရာဇဝတ်မှုကျူးလွန်နေတာတွေဟာ လက်ခံနိုင်စရာမရှိပါဘူး။ ဒါတွေကို ပြောင်းလဲပစ်ဖို့ကြိုးစားချင်တာပါ။ နိုင်ငံတကာက ဘာအရေးယူနိုင်မလဲ၊ အရေးယူ နိုင်အောင် ဘာလုပ်ရမလဲ၊ ဒါတွေကိုဆွေးနွေးကြတာပါ။  အာဏာသိမ်းတဲ့အတွက် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို လူ့အခွင့်အရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ဆိုးဆိုးဝါးဝါး ဖြစ်ရပ်တွေကို ဆွေးနွေးခဲ့တာပါ။ ၂၀၂၂ ကုန်တဲ့အချိန်မှာ ကလေးသူငယ်  ၈၀၀ ကျော် အသတ်ခံခဲ့တယ်၊ ကလေး ၃၈၇ ယောက် ထောင်ချခံရတယ်။ ၅၁ ယောက်က ဓားစာခံအဖြစ် ဖမ်းဆီးခံရတယ်။ တော်တော်လေး ဆိုးပါတယ်။ ကလေးထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရတယ်၊ သန်းနဲ့ ချီတဲ့လူတွေ အကူအညီလိုအပ်နေတယ်။ ဒါတွေက  ရပ်ကြည့်နေလို့ မရတော့ဘူး၊  ထိရောက်တဲ့ အရေးယူမှုတွေ လိုအပ်နေပြီ။”  

မေး။ ။ အာဆီယံနဲ့ပတ်သက်ပြီး  မေးချင်ပါတယ်။  တချို့နိုင်ငံတွေဟာ စစ်ကောင်စီကို တရားဝင်မှုရအောင်လုပ်ပေးနေတယ်လို့ လူ့အခွင့်အရေးကောင်စီမှာ လူကြီးမင်း ထောက်ပြခဲ့ပါတယ်။ ဥပမာ အာဆီယံရဲ့ မူဝါဒတွေဟာ အဖွဲ့ဝင်နိုင်ငံတချို့ကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီစစ်ကောင်စီကို တရားဝင်အစိုးရလို ဆက်ဆံနေကြတာကို ထောက်ပြပါတယ်။ ဒါက ဒီမိုကရေစီစနစ်ကို တည်ဆောက်နေတဲ့ မြန်မာပြည်သူတွေအတွက် ဘယ်လောက် အန္တရာယ်များပါသလဲ။

တွမ်။ ။ “အာဆီယံဟာ အခုလုပ်နေတာတွေနဲ့ ပြောင်းပြန်ဖြစ်သင့်တယ်လို့မြင်ပါတယ်။ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့လိုတာကို  အာဆီယံ ဥက္ကဋ္ဌ ဖြစ်နေတဲ့ အင်ဒိုနီးရှားက လက်ခံတယ်။ အာဆီယံမှာ စစ်ကောင်စီကိုနေရာပေးဖို့ မသင့်ဘူးဆိုတာ ဥက္ကဋ္ဌက လက်ခံတယ်။  စစ်ကောင်စီက သူပေးထားတဲ့ ကတိကို လက်တွေ့မလုပ်လို့ ဖြစ်လာတာပဲ။   အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက လက်ခံခဲ့တယ်။  တခုက အကြမ်းဖက်တာတွေကို ရပ်တန့်ဖို့ ဆိုတဲ့အချက်။ စစ်ကောင်စီက သူတို့ကတိကို  တောက်လျောက် ချိုးဖောက်ခဲ့တယ်။ အာဆီယံနိုင်ငံတချို့က ဒီလိုကတိမတည်တာကို လျစ်လျူရှုပြီး အာဏာရှင်တွေကို တရားဝင်သဘောထားနိုင်ဖို့ ကြိုးစားလာကြတယ်။ လူ့အခွင့်အရေးချိုး ဖောက်တာတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဘာမှမဖြစ်သလို မျိုးလုပ်လာတယ်။  ရှင်းရှင်းပဲ ပြောပါမယ်။  စစ်အာဏာရှင်တွေဟာ အစိုးရအဖြစ် အသိအမှတ်ပြုဖို့မထိုက်တန်ပါဘူး။   ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ပေးတာမျိုးပဲ သူတို့နဲ့ ထိုက်တန်တယ်။ စစ်ကောင်စီကို လက်ခံဖို့ လမ်းကြောင်းဖော်ရင်  ကုလသမဂ္ဂရဲ့ အခြေခံမူတွေကို ချိုးဖောက်တဲ့အပြင် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကိုပါ ကင်းမဲ့သွားအောင်လုပ်လိုက်တာပဲ။  ချိုးဖောက်ခံရတဲ့ သူတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေကိုပါ စော်ကားရာရောက်သွားမှာပဲ။  အခုလုပ်နေတာတွေနဲ့   ပြောင်းပြန်လုပ်တာပဲ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေနဲ့ တွေ့တဲ့အခါတိုင်း ကျနော်ပြောပါတယ်။ မြန်မာစစ်အာဏာရှင်တွေဟာ  ရာဇဝတ်  ကောင်တွေပါ။ သူတို့ဟာ ၅၄ သန်းသော ပြည်သူတွေကို ပြန်ပေးဆွဲထားပါတယ်။ သဘာ၀အရင်းအမြစ်တွေကို ခိုးနေတယ်၊ ပြည်သူတွေကို ဓားပြတိုက်နေတယ်။  ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်နေတယ်၊ ရသမျှကို သူတို့ယူထားတယ်။  သူတို့ကို   တရားမဝင်တဲ့ အုပ်စိုးသူတွေလို့ပဲ သတ်မှတ်ရမယ်။”

မေး။  ။  စင်ကာပူနဲ့ ဆက်စပ်ပြီးတော့လည်း မေးပါရစေ။  စင်ကာပူက ကုမ္ပဏီတချို့ဟာ မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့တဲ့အလုပ်ကို ဒေါ်လာ ၂၅၄ သန်းဖိုးလုပ်ထားတာ တွေ့ရတဲ့အကြောင်း၊ စင်ကာပူအစိုးရနဲ့ ဒီကိစ္စကို ဆွေးနွေးနေတယ်လို့  ဟိုနေ့က ပြောသွားတာ တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး  ရှင်းပြပေးပါလား။

တွမ်။ “လက်နက်နဲ့ ပတ်သက်တဲ့  အစီရင်ခံစာ နှစ်စောင်ကို ကျွန်တော်တို့ ထုတ်ခဲ့ပါတယ်။  အိမ်နီးနားချင်းနိုင်ငံတွေလည်း ပါဝင်နေတာကို ဖော်ပြခဲ့တယ်။ အကြီးမားဆုံးပြဿနာကတော့ ဒီလက်နက်တွေသုံးပြီး စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာပဲ။ ဒါက လက်ခံနိုင်စရာမရှိပါဘူး။ ပြီးခဲ့တဲ့ မေလ က  ကျနော် တင်ခဲ့တဲ့ အစီရင်ခံစာရဲ့ ခေါင်းစဉ်က $1Billion Death Trade လို့ အမည်ပေးထားပါတယ်။ အဲဒီအထဲမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ဘယ်လို ကုန်သွယ်ထားလဲဆိုတာရှင်းပြထားပါတယ်။  ၂၀၂၁ အာဏာသိမ်းပြီးမှ ဝယ်ယူတင်သွင်းထားတဲ့ ပမာဏကို ပြောတာပါ။  ဘယ်လို အသုံးပြုသလဲဆိုတာ ကျနော် ရှင်းပြပါမယ်။  စင်ကာပူလည်း ပါဝင်နေပါတယ်။ သူက နံပတ် ( ၃) အဆင့်ရှိပါတယ်။ ဒေါ်လာ ၂၅၄ သန်းဖိုး တင်ပို့ထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ စင်ကာပူအစိုးရပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားမျိုးတော့ မတွေ့ရသလို သူတို့ သတိထားမိပုံလည်းမရပါဘူး။ ဒီအစီရင်ခံစာမထုတ်ခင်  စင်ကာပူအစိုးရဆီမှာ တင်ပြပါတယ်။ သူတို့ပြောတာက ဒီကိစ္စ  သူတို့လည်း စိုးရိမ်ပါတယ်။ ကျနော်ရှာဖွေတွေ့ရှိထားတဲ့အချက်တွေကို တည်ပြီး သူတို့ စုံစမ်းထောက်လှမ်းပါမယ်လို့ပြောပါတယ်။ အလားတူပဲ ကျနော့်အနေနဲ့  ဒီကိစ္စ နဲ့ ပတ်သက်ပြီး အဓိကကျတဲ့ ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေနဲ့လည်းတွေ့ခဲ့ပါတယ်။ အချက်အလက်တွေကိုလည်းထပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အများပြည်သူသိအောင် ကျနော် မလုပ်ခဲ့ပါဘူး။  တချို့အရာတွေက လျှို့ဝှက်ရမယ့် အရာတွေဖြစ်နေလို့ပါ။ ဒါပေမဲ့ သူတို့ကို လိုအပ်တဲ့အထောက်အထားတွေ အားလုံးပေးခဲ့ပါတယ်။ စင်ကာပူက ၂၅၄ သန်းဖိုး မြန်မာကိုတင်ပို့ထားပါတယ်။ အဲဒါကိုလုပ်ဆောင်ပေးတဲ့ ကုမ္ပဏီပေါင်း ၁၃၈ ခုရှိပါတယ်။ ဒါတွေက လက်နက်ကုန်သွယ်မှုကို တားဆီးနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ကျနော် လုပ်ဆောင်ခဲ့တာပါ။”

မေး။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက  ဒေါ်လာသန်းတထောင်ကျော် တန်ဖိုးရှိတဲ့ လက်နက်တွေ၊ လက်နက်နဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကို  တင်သွင်းခဲ့တယ်လို့  မေလမှာ ထုတ်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  အဲဒီစာရင်းတွေအရတော့ ရုရှားနဲ့ တရုတ်ပြီးရင် စင်ကာပူက တတိယအဆင့်မှာ ရှိတယ်လို့သိရပါတယ်။ အဲဒီနောက်မှာတော့ အိန္ဒိယနဲ့ ထိုင်းလို့သိထားပါတယ်။ ဒါတွေကို မတင်သွင်းဖို့ ဆွေးနွေးလို့၊ တားဆီးလို့ရမလား၊ ဒါမှ ဒါတွေရပ်တန့်သွားအောင် ဘာတွေ လုပ်လို့ရမလဲ။

တွမ်။ “ထပ်ပြောချင်တာက ဒီကုန်သွယ်မှုထဲမှာ လက်နက်တွေပါသလို လက်နက်နဲ့ ဆက်စပ်ပတ်သက်တဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေလည်း ပါပါတယ်၊ ဒီပစ္စည်းတွေကို မြန်မာကို သင်္ဘောနဲ့တင်တယ်။ လက်နက်ခဲယမ်း ထုတ်လုပ်ဖို့အတွက် အထောက်အပံ့ပစ္စည်းတွေ အနေနဲ့ တင်တာပါ။ ဆိုလိုတာက လိုအပ်တဲ့ ပစ္စည်းအပြည့်အစုံပါတယ်။ လက်နက်၊ လက်နက်လုပ်တဲ့နည်းပညာ၊ လက်နက်လုပ်တဲ့ ကုန်ကြမ်းပစ္စည်း အကုန်ပါတယ်။ ကျနော်အစီရင်ခံစာရဲ့ ရည်ရွယ်ချက် နံပတ် (၁) ကတော့ ဒါတွေကို နိုင်ငံတကာ သိအောင်ဖွင့်ချနိုင်ဖို့ပါ (၂) ကတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာချပြနိုင်ဖို့ပါ၊ ပြီးတော့ လူ့အခွင့်အရေးကောင်စီမှာ ချပြနိုင်ဖို့ပါ။ ဒါတွေ ရပ်တန့်ဖို့အတွက် အရေးယူပေးဖို့ တောင်းဆိုရမှာပါ။ အငြင်းပွားစရာတစ်ခု ရှိခဲ့ပါတယ်။  အဲဒီမေလက လူ့အခွင့်အရေးညီလာခံမှာ တရုတ်ကကျနော့်ကို ဝေဖန်ခဲ့တယ်။ စစ်ကောင်စီကို လက်နက်ရောင်းနေတာက သာမန် ကုန်သွယ်မှုပြုလုပ်နေတာလို့ပြောတယ်။  လုပ်ပိုင်ခွင့်ကို ကျော်ပြီးတောင်းဆိုတယ်လို့ ကျနော့်ကို ပြောပါတယ်။

ကျနော်ပြောတာ ရှင်းရှင်းလေးပါ။ ဒီလက်နက်တွေဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖို့ဝယ်ယူနေတာပါ။ လူသတ်သမားတွေ လက်ထဲကို ဒီလက်နက်တွေထည့်လိုက်တယ်ဆိုတာ ဖြစ်သင့် မဖြစ်သင့်ဆိုတာကို ထောက်ပြပါတယ်။ သူပြောတဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့ကိစ္စမှာ သုံးခုရှိတယ်။ ပထမတစ်ခုက အစီရင်ခံစာ၊ ဒုတိယက  ဒါကို စိစစ် သုံးသပ်ရတယ်၊ ဘာကြောင့်ဒါတွေဖြစ်နေလဲ၊ ပြီးတော့ ဘာဖြစ်သင့်တယ်ဆိုတာကို အဆိုပြုရတယ်၊ စိစစ် သုံးသပ်ပြီးမှ  နိုင်ငံတကာက ဘာလုပ်သင့်သလဲဆိုတာ အကြံပြုရတယ်။ ဒါက ကျနော့်ရဲ့ အခြေခံကျတဲ့လုပ်ပိုင်ခွင့်ပဲ၊ ဒါက ကျနော့်ရဲ့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာဆိုင်တာ တာဝန်ယူမှု ၊တာဝန်ခံမှုပါ။”

မေး။ အမေရိကန်အစိုးရကိုလည်း  ဥရောပသမဂ္ဂလို အရေးယူဖို့ပြောသွားတာတွေ့ရတယ်။  MOGE ကို ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူထားပေမဲ့ အမေရိကန်က အခုထိ အရေးမယူသေးဘူး။ အမေရိကန်အစိုးရအနေနဲ့ ဘာကြောင့် နှောင့်နှေးနေတယ်လို့ ထင်ပါသလဲ။

တွမ်။ “အာဏာရှင်တွေရဲ့ အလုပ်ကိုတားဆီးနိုင်ဖို့  ဖြတ်တောက်ပစ်ရမယ့် အရာသုံးခု ရှိပါတယ်။ (၁) လက်နက်၊ (၂) ငွေကြေးနဲ့ (၃) တရားဝင်မှုပါ၊ စစ်ကောင်စီအတွက် အဓိက ငွေဝင်တဲ့လမ်းကြောင်းက မြန်မာ့ရေနံနဲ့ သဘော၀ ဓာတ်ငွေ့လုပ်ငန်း (MOGE) ပါ။ တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ သန်း တထောင်ငါးရာလောက် ဝင်နေတယ်။ ဒါတွေကို ဖြတ်တောက်ဖို့လိုပါတယ်။ ဥရောပသမဂ္ဂက MOGE ကို ပိတ်ဆို့အရေးယူထားပါတယ်။ အမေရိကန်ကိုလည်း  ဥရောပသမဂ္ဂ (EU) လိုဖြစ်စေချင်ပါတယ်။  မကြာခင်က အာဏာရှင် အစိုးရလောက်အောက်ခံ ဘဏ်နှစ်ခုကို ပိတ်ဆို့လိုက်တာက  တော်တော်ထိရောက်ပါတယ်။ လက်နက်ဝယ်တဲ့နေရာမှာ ဒီဘဏ်တွေကို သုံးနေလို့ပါပဲ။ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ကနေဒါကို စုပေါင်းအရေးယူဖို့ အမြဲတိုက်တွန်းနေပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့  ကုလသမဂ္ဂ ပဋိညာဉ်အမှတ် (၇)နဲ့ အရေးယူလို့ရပါတယ်။ စီးပွားရေးပိတ်ဆို့တာ၊ လက်နက်ရောင်းဝယ်မှု တားဆီးတာအပြင် ဒီစစ်အာဏာရှင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို  ပို့လို့ရပါတယ်။  ပို့လည်းပို့သင့်ပါတယ်။ ဒါပေမဲ့ အပေါ်ယံပဲ လုပ်ပြနေခဲ့တယ်။  တချို့နိုင်ငံတွေဟာ လူ့အခွင့်အရေးကို လေးစားသလို မြန်မာပြည်သူတွေကိုလည်း စာနာပါတယ်။ ဒီနိုင်ငံတွေ ပူးပေါင်းပြီးလုပ်စေချင်တာပါ။”

“ယူကရိန်းကို ကြည့်လို့ရပါတယ်။ ကုလလုံခြုံရေးကာင်စီက ရုရှားကျူးကျော်မှုအတွက် ဆုံးဖြတ်ချက်မချနိုင်ပါဘူး။ ဒါပေမဲ့ ယူကရိန်း ပြည်သူတွေကိုတော့ နိုင်ငံတကာက အားပေးထောက်ခံကူညီကြတယ်။ ဒီကိစ္စကို နိုင်ငံတွင်းက လူတွေနဲ့လည်း ပြောဖူးပါတယ်။  မြန်မာပြည်သူတွေကလည်း ယူကရိန်းပြည်သူတွေကိုစာနာကြပါတယ်။ မြန်မာစစ်တပ်က ကျတော့ ရုရှားနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေး ရှိနေတယ်။   နိုင်ငံတကာက ယူကရိန်းပြည်သူတွေကိုကျတော့ အရမ်းအာရုံစိုက်တယ်၊ အရမ်းပူးပေါင်းဆောင်ရွက်ကြတယ်၊ ငါတို့ကိုတော့  ဘာလို့ ဂရုမစိုက်ကြတာလဲဆိုတာ မေးကြတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ပြောဖူးပါတယ်။ အထွေထွေညီလာခံမှာလည်း ပြောဖူးတယ်။တခုတော့ ရှိတယ်၊ ယူကရိန်းကတော့ သူ့တခြားတိုင်းပြည်က  လာတိုက်တာဖြစ်နေတယ်။ ဒါက ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်တာဖြစ်တယ်။ မြန်မာနဲ့ မတူဘူး၊ ဒါပေမဲ့ ယူကရိန်ပြည်သူတွေ လေယာဉ်ပေါ်က ဗုံးကြဲခံရသလို မြန်မာမှာလည်း ဗုံးကြဲခံရတယ်၊ သုံးနေတဲ့ လက်နက် အမျိုးအစားတွေကလည်း အတူတူပဲဖြစ်တယ်။ဒါတွေကတော့ ခြားနားမှု မရှိဘူး။” 

မေး။   ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် လုံခြုံရေးကောင်စီကနေ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (အိုင်စီစီ) ကိုလွှဲပြောင်းပေးဖို့အထိ တိုက်တွန်းထားပါတယ်။  ဖြစ်နိုင်ပါ့မလား။

တွမ်။ “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ဖြစ်သင့်နေပါပြီ။ ဒါကြောင့် ဆက်လက်တောင်းဆိုဖို့လိုပါတယ်။ လုံခြုံရေးကာင်စီအနေနဲ့ မိတ်ကပ်လိမ်းတာမျိုးလောက်နဲ့ မရတော့ဘူး။  နှစ်ဆတိုးပြီးလုပ်ရမယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်ပြီးလုပ်ဖို့ လိုပါတယ်။  စစ်ကောင်စီကို တရားဝင်အောင်လုပ်ပေးနေတာကိုတော့  ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမယ်။”

မေး။ လုံခြုံရေးကောင်စီမှာ ဗြိတိန်က အလှည့်ကျဥက္ကဋ္ဌ  ဖြစ်ပြီး နောက်လမှာ အမေရိကန်က အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ်။ ဒီနှစ်လ အတွင်းမှာ ထူးခြားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ပါသလား။

တွမ်။ “ထူးထူးခြားခြားပြောင်းလဲမှာတော့ မမြင်မိသေးပါဘူး။ ဒါပေမဲ့ ကုလ လုံခြုံရေးကောင်စီအနေနဲ့ တိုးမြှင့်လုပ်ဆောင်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။  ဖြစ်စေချင်တာကတော့ မဲခွဲဆုံးဖြတ်တာမျိုးပါ။ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် (Resolution) ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် မဲခွဲဆုံးဖြတ်စေချင်တယ်။ ဥပမာ လက်နက်ရောင်းဝယ်မှုကို တားဆီးပိတ်ပင်တာမျိုး၊ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (အိုင်စီစီ) ကိုလွှဲပြောင်းပေးဖို့ တောင်းဆိုတာမျိုးတွေပါ။ အငြင်းပွားစရာတွေလည်း ရှိလာမှာပါ။ ဘာကြောင့်လဲဆိုတော့ ဗီတို ( Veto) နဲ့ တားလာနိုင်တဲ့အတွက်ပါ။  ဗီတို သုံးတော့လည်းဘာဖြစ်လဲ သုံးပေါ့။ ပွင့်ပွင့်လင်းလင်း အခြေအတင်ပြောဆိုမယ်။  သူတို့မှာလည်း အခွင့်အရေးရှိတယ်၊ နှောင့်နှေးအောင်လုပ်နိုင်တယ်။  ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ပေးတဲ့ မဲအတွက် သူတို့ တာဝန်ယူရလိမ့်မယ်။  ဖွင့်ပေးလိုက်ပါ။ အခုက အဲဒီအဆင့်ကို မရောက်ဘူး။ ဒါကြောင့်  ဆက်ပြီးတောင်းဆိုနေတာပါ။ အဲဒီလို လုံခြုံရေးကောင်စီမှာ တောင်းဆိုနေတဲ့အချိန်မှာ   တွန်းစရာရှိတာတွေကိုလည်း ဆက်တွန်းရမယ်။  မြန်မာပြည်သူတွေကိုထောက်ခံတဲ့ နိုင်ငံတွေက  ပူးပေါင်းပြီး ဆောင်ရွက်ဖို့လိုပါတယ်။”

မေး။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (O-FAC) က  မကြာသေးခင်က လုပ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုအပေါ်မှာ ဘယ်လို မြင်ပါသလဲ။  ဘယ်လောက်ထိရောက်မှု ရှိနိုင်ပါသလဲ။

တွမ်။ “ဒါနဲ့ ပတ်သက်ပြီး ကျနော်မျှော်လင့်ချက် ကြီးကြီးမားမား ရှိပါတယ်။ ဒီဘဏ်တွေကနေတဆင့် ဒေါ်လာငွေကြေးကိုသုံးစွဲပြီးလက်နက် ဝယ်ယူမှုတွေကို တားဆီးနိုင်မှာပါ။ ဒါဟာကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုပါ။ ဒီနေရာမှာ နှစ်ချက် တွေ့ရှိရပါတယ်။ ပထမတစ်ချက်က ပိတ်ဆို့အရေးယူမှုတွေကို တိတိကျကျ အကောင်အထည်ဖော်နိုင်ဖို့အတွက် ထိရောက်တဲ့ဖိ အားပေးမှုတွေ လိုအပ်ပါတယ်။ ငွေကြေးလွဲပြောင်းမှုတွေမှာ ပါဝင်ပတ်သက်လုပ်ဆောင်ပေးနေတဲ့ အုပ်စုတွေလည်းရှိပါတယ်။ ဒါကြောင့် ပိတ်ဆို့ အရေးယူမှုတော့လုပ်တယ်၊ ဒါပေမဲ့ တင်းတင်းကျပ်ကျပ်စောင့်ကြည့်ပြီးဖိအားပေးတာမျိုးမလုပ်နိုင်ဖူးဆိုရင် ဒါက ပိတ်ဆို့ အရေးယူမှုလို့ မဆိုနိုင်ပါဘူး။ ဒါတွေကို ပြင်းပြင်းထန်ထန်လုပ်ဖို့တောင်းဆိုပါတယ်။ ဒုတိယအချက်ကတော့  ပိတ်ဆို့ အရေးယူမှု တွေကိုထပ်ပြီးတိုးချဲ့ နိုင်ဖို့လိုပါတယ်။ နိုင်ငံတွေ ပူးပေါင်းပါဝင်လာနိုင်မှ  စစ်ကောင်စီဆီကို ငွေကြေးစီးဆင်းလို့ မရအောင် လုပ်နိုင်မှာပါ။ ဒါကြောင့် ထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ဆက်ပြီးတိုက်တွန်းနေပါတယ်။”

မေး။ ကျေးဇူးတင်ပါတယ်။ ကျမတို့တိုင်းပြည်အတွက် မဆုတ်မနစ် ကြိုးပမ်းပေးမှုတွေအတွက်ပါ။

တွမ်။ “ကျနော်လည်း ကျေးဇူးအထူး တင်ရှိပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024