Home
မြန်မာသတင်း
စစ်တပ်မီးရှို့သဖြင့် မြင်းမူဒေသခံများ စစ်ရှောင်နေရ၊ ကန့်ဘလူခရိုင် ၃ မြို့နယ်ကို ၄ လကျော် လျှပ်စစ်မီးဖြတ်ထား
DVB
·
July 19, 2023

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ရွာကို မီးတင်ရှို့နေလို့ ဒေသခံတွေ ညတွင်းချင်း တိမ်းရှောင်နေရတယ်လို့ နယ်ခံတွေထံက သိရပါတယ်။

ဇူလိုင် ၁၇ ရက် ည ၆ နာရီနောက်ပိုင်းမှာ အင်အား ၃၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နှစ်ဖက်ထိတွေ့တိုက်ပွဲအပြီးမှာ ရွာကို မီးတင်ရှို့ခဲ့တာလို့ ဆိုပါတယ်။

နယ်ခံတဦးက “ညနေပိုင်းလောက်က နှစ်ဖက် တိုက်ပွဲတွေ မြစ်ရိုးနားမှာ ဖြစ်ကြတယ်။ အဲ့ဒါလည်းပြီးရော ရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ထုတာ၊ ရွာမှာနေတဲ့သူတွေ အကုန်ပြေးရတာ။ အခုမနက်ကြားတာတော့ ရွာက ကုန်သလောက် ဖြစ်သွားပြီ။ ပြန်ဝင်လို့တော့ မရဘူး၊ အဲ့ကောင်တွေ တပ်စွဲထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အချိန်တနာရီကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီစစ်ကြောင်းက မူးမန္တလေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်မီးရှို့ခဲ့တာလို့ သိရပါတယ်။

မီးတင်ရှို့ခံရလို့ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ မူးမန္တလေးရွာ မီးလောင်ဆုံးရှုံးခဲ့ရပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်‌ေနလို့ နဘဲကြူ၊ ထိန်ကန်၊ မန်ကျည်းကိုးပင်၊ မန်ကျည်းတော၊ အင်းမ၊ ညောင်မြစ် စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ်ထဲကို ဇူလိုင် ၆ ရက်က စတင်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ငါးကင်းရွာ၊ နဘဲကြူးရွာ၊ ကံသုံးဆင့်ရွာတို့က ရွာခံ ၁၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွာပေါင်း ၂၀ ကျော်က အိမ်ခြေ ၅၀၀ နဲ့အထက်ကို မီးတင်ရှို့ခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နဲ့ ကောလင်းမြို့နယ် မြို့နယ် သုံးမြို့နယ်ရှိ ကျေးရွာပေါင်း  ၂၅ ရွာကို စစ်ကောင်စီတပ်က လျှပ်စစ်မီးဖြတ်တောက်ထားတာ ၄ လကျော်ကြာရှိပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကစပြီး မီးဖြတ်ခံထားရတာဖြစ်ပြီး မီးမရတဲ့ရွာတွေကတော့ ကန့်ဘလူမြို့နယ်ထဲက မကျီးကုန်း၊ အင်ငုတ်တို၊ ညောင်ကုန်း၊ လက်ခုပ်ပင်ရွာ၊ ကျွန်းလှမြို့နယ်ထဲက တောင်ယာဆိပ်၊ ဘတ်အင်းသရက်တော၊ သရက်တော၊ ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ မြင်သာဦး၊ အောင်ရန်ကင်းရွာနဲ့ ကောလင်းမြို့နယ်ထဲက အောင်ချမ်းသာ၊ ပေတပင်၊ ရွာသစ်၊ ဇမ္ဗူရစ်၊ ခေါင်းဖြူ၊ ပန်းပရဲ၊ သစ်ဆိမ့်ကုန်း၊ ကြာအင်း၊ ယင်းတိုက်ရွာတွေ ဖြစ်ပါတယ်။

အောင်ချမ်းသာရွာနဲ့ ပေတပင်ကျေးရွာတို့ကို ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက အောင်ချမ်းသာတိုက်ပွဲ ဖြစ်တဲ့နေ့ကတည်းက မီးဖြတ်တောက်ခံရတာလို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲမဖြစ်ခင်က ဒေသတွင်း ကျေးရွာတွေအတွက် လျှပ်စစ်မီးကို ကျွန်းလှမြို့နယ်၊ ကံပေါက်ရွာရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနကနေ ပေးနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကံပေါက်ရွာနဲ့ လယ်လှရွာတို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့တွေ အထိုင်ချထားပြီး ထရန်စဖော်မာတွေကနေ လျှပ်စစ်မီး ဖြတ်တောက်ထားတာလို့ ရွာခံအမျိုးသားတယောက်က ပြောပါတယ်။

အဆိုပါဒေသက ရွာသားတွေကို မဲနှိုက်စေပြီး ပျူစောထီးသင်တန်း အတင်းအဓမ္မ တက်ခိုင်းတယ်၊ စစ်သင်တန်းမတက်သူတွေဆီက မတရား ငွေတောင်းပြီး အကြမ်းဖက် မီးရှို့ ခိုးယူလုယက်တာတွေလည်း ပြုလုပ်ကြတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024