ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ အပါအဝင် မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲနေကြောင်း သိရပါတယ်။
ရမ်ပူရပ်ကွက် နယ်မြေ ၂၁ မှာရှိတဲ့ လိုင်းခန်းတွဲတွေအတွင်း မူးယစ်ဆေးဝါး (ဘိန်းဖြူ) ကို အသက်မပြည့်သေးတဲ့ လူငယ်တွေအပြင် တခြားမြို့နယ်တွေက လာရောက်နေထိုင်ကြသူတွေပါ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်မှု ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတဦးက “ရမ်ပူရပ်ကွက် နယ်မြေ ၂၁ ထဲက ဘာဘူလိုင်းခန်းတွဲတွေမှာ မူးယစ်ဆေးဝါး အရောင်းအဝယ် အကြီးအကျယ်ကို လုပ်နေတာ။ အသက်မပြည့်သေးတဲ့ လူငယ်တွေ၊ နောက်ပြီး ဘယ်ကနေ ရောက်လာမှန်းမသိတဲ့သူတွေ ပါတယ်။ ဘာဘူလိုင်းခန်းကိုလည်း တခြားမြို့နယ်ကသူတွေ ငှားထားတာ။ အိမ်ပိုင်ရှင်တွေကလည်း လာရောက်ကြီးကြပ်တာ မရှိတော့ အဲဒီမှာ ဖြစ်ချင်တိုင်း ဖြစ်နေကြတာ” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေတဲ့ ဘာဘူလိုင်းခန်းနေသူတွေကို ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေက ရပ်ကွက်အတွင်းကနေ နှင်ထုတ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
“မူးယစ်ဆေးဝါး သုံးစွဲသူတွေက ရမ်ပူရပ်ကွက် နယ်မြေ ၂၁ ထဲမှာ အတော်များတယ်။ ညနေဆို ရောက်လာပြီ။ ဆောင်းဘောက်တွေဖွင့်ပြီး ကသူတွေလည်း ပါတယ်။ မှုးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို မိရင် ကြိမ်ဒဏ်ပေးတာတွေရှိတယ်။ အာဏာပိုင် အဖွဲ့အစည်းကလည်း ဖမ်းတာဆီးတာ သိပ်မရှိဘူး။ အခုတော့ ရပ်ကွက်လူကြီးပိုင်းက ဘာဘူလိုင်းခန်းကသူတွေကို နှင်ထုတ်ဖို့ စာတင်ထားပြီ” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ရမ်ပူရပ်ကွက်အတွင်း မိန်းလမ်းမကြီး လမ်းသွယ်တချို့နဲ့ လိုင်းခန်းတွေမှာ မူးယစ်ဆေးဝါး (ဘိန်းဖြူ) ကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲမှု ပြုလုပ်နေတဲ့အတွက် ဘာဘူလိုင်းခန်း အပါအဝင် နေအိမ် ၃၀ လောက်ကို ရပ်ကွက်အတွင်းက ဖယ်ရှားပေးဖို့ ရပ်ကျေးတာဝန်ခံတွေက သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားစာတွေ ပို့ထားပြီလို့လည်း သူက ဆက်ပြောပါတယ်။
မြစ်ကြီးနားမြို့နယ်မှာ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေ ရှိပေမဲ့လည်း ခေတ်ကာလ နိုင်ငံရေးအခြေအနေကြောင့် မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်မှုတွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်မှု မရှိသေးပါဘူး။