Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီက အာဇာနည်နေ့တွင် ကားများရပ်ပြီး ဟွန်းတီးရန် အမိန့်ထုတ်
DVB
·
July 18, 2023

မနက်ဖြန်ကျရောက်မယ့် အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ အာဇာနည်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ လမ်းပေါ်ရှိ ကားတွေအနေနဲ့ရပ်ပြီး ဟွန်းတီးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဌာနဆိုင်ရာသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အာဏာသိမ်းကာလအတွင်း အာဇာနည်နေ့မှာ ကျဆုံးအာဏာဇာနည်တွေကို ဝမ်းနည်းခြင်း အထိမ်းအမှတ် ဟွန်းတီးတဲ့ကားတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ စစ်ကောင်စီက ဒီနှစ်မှာဟွန်းတီးဖို့ကို ညွှန်ကြားချက်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဇူလိုင် ၁၉ ရက်မှာ နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူဖို့နဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲသံကြားတာနဲ့ ကားတွေရပ်ပြီး ဟွန်းတီးဖို့ ဆိုပြီး ညွှန်ကြားလာတာပါ။

အဲဒီလိုစစ်ကောင်စီရဲ့ ညွှန်ကြားခိုင်းစေချက်ဟာ ကိုယ့်သဘောနဲ့ကိုယ် ဟွန်းတီးဂါဝရပြုချင်တဲ့သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ယာဥ်မောင်းတချို့က ပြောပါတယ်။

ရန်ကုန်မြို့နေ အငှားယာဥ်မောင်းတဦးက “နှစ်တိုင်းလုပ်နေကျ၊ အရင်နှစ်တွေကတော့ ခိုးပြီး ဟွန်းတီးဂါဝရပြုရတာပေါ့။ စောင့်ပြီးကို ဖမ်းတာလေ။ အခုက သူတို့ခိုင်းလို့ လုပ်သလိုမျိုး ဖြစ်ရမယ့်ဟာကြီး။ အဆင်မပြေဘူး” လို့ ပြောပါတယ်။

ကိုယ်ပိုင်ယာဥ်မောင်းတဦးကလည်း အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးချိန်မှာ စစ်ကောင်စီရဲ့ ခိုင်းစေချက်ကြောင့်မဟုတ်ဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ဟွန်းတီးမှာလို့ ဆိုပါတယ်။

အာဇာနည်နေ့မှာ ကားတွေဟွန်းတီးခွင့်ကို အရင်စစ်အာဏာရှင်လက်ထက်နဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်အထိ တားဆီးမှုတွေရှိခဲ့ပြီး NLD အစိုးရလက်ထက်မှာ တရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ အဲဒီခွင့်ပြုချက် ပြန်ရုပ်သိမ်းခံရပြီး ကားဟွန်းတီးသူတွေကို စောင့်ကြည့်အရေးယူတာတွေ ပြန်ဖြစ်ပေါ်ခဲ့တယ်လို့ ယာဥ်မောင်းတွေက ဆိုပါတယ်။

စစ်ကောင်စီက ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂါဝရပြုတဲ့အနေနဲ့ကားဟွန်းတီးဖို့ ပြန်လည်ညွှန်ကြားလာခဲ့ပေမယ့် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးကို နှစ်ရှည်ထောင်ချထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024