Home
မြန်မာသတင်း
ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်လှေမှောက် 
DVB
·
July 18, 2023

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းလမ်းမှာရှိတဲ့ တနင်္သာရီတိုင်း ဝန်ကြီးများအိမ်ရာ အပါအဝင် နယ်စပ်ရေးရာဌာနရုံးနဲ့ ကမြောကင်းတံတားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဇူလိုင် ၁၆ ရက် ညပိုင်းမှာ လောင်းလုံး ပကဖက ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင် ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအုန်းအုန်းက “ဝန်ကြီးအိမ်ရာကို ဒုတိယအကြိမ် လက်နက်ကြီးနဲ့ သွားတိုက်ခိုက်တာပါ။ အပြန်အလှန်ပစ်ခတ်မှုတော့ မရှိခဲ့ပါဘူး။ မိုးတအားကြီးလို့ ဆုတ်လာခဲ့ရတယ်။ ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲလို့ လောင်းလုံးပကဖက ဆိုပါတယ်။

မေ ၃၁ ရက်ကလည်း အခုတိုက်ခိုက်ခံရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးအိမ်ရာကို လောင်းလုံး ပကဖက လက်နက်ကြီးနဲ့တကြိမ် တိုက်ခိုက်ခဲ့ဖူးပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ လောင်းလုံမြို့နယ်အတွင်း ဇူလိုင် ၁၂ ရက်ကစပြီး ကျေးရွာတွေကို ရေကြောင်းနဲ့ ကုန်းကြောင်းကနေ ဝင်ရောက်တပ်စွဲနေပြီးနောက် ဇူလိုင် ၁၈ ရက်မှာ သကျက်တောရွာဘက်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားပြီး ကမြောကင်းတံတား ပတ်ဝန်းကျင်နဲ့ နခံတောရွာဘက်မှာ ဆက်လက်တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကြောင်းဝင်ရောက်နေစဥ်အတွင်း ခမောင်းတောင်ရွာမှာ နေအိမ် ၃ လုံးထက်မနည်း မီးရှို့ခံရပြီး အမျိုးသမီးငယ်တဦး လက်နက်ကြီးထိမှန်သေဆုံးကာ အမျိုးသားတဦးလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သကျက်တောရွာမှာ အမျိုးသားတဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆေးကုသမှု ခံနေရပါတယ်။

တနင်္သာရီတိုင်း၊ ​​လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာပျူစောထီးစခန်းကနေ ထားဝယ်မြစ်အတိုင်း သကျက်တောရွာကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့လှေ ဇူလိုင် ၁၆ ရက် ညက ထားဝယ်မြစ်အတွင်း တိမ်းမှောက်သွားတယ်လို့ လောင်းလုံးဒေသခံတွေဆီက သိရပါတယ်။

လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံက “လှေက လောင်းလုံးမြို့နယ် ကျောက်နီမော် ပျူစခန်းကနေ အပေါ်ဘက်မှာ ၁၄ ရက်နေ့က တပ်လာစွဲထားတဲ့ သကျက်တောရွာကို လာတယ်လို့တော့ သတင်းကြားထားရပြီး ကျောက်နီမော်နဲ့ သကျက်တောအကြား ထားဝယ်မြစ်ထဲမှာ နစ်ခဲ့တာပါ။ အလောင်းတွေ ဆယ်နေတုန်းတော့ သိထားရတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၁၇ ရက်က ကျောက်နီမော်ရွာက ရေငုပ်သမားတွေကို လာခေါ်ယူပြီး ရေမြုပ်သွားတဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို ဆယ်ယူနေတယ်လို့ လောင်းလုံးဒေသခံတဦးက ပြောပါတယ်။

မြို့ခံလူမှုကူညီကယ်ဆယ်ရေး အသင်းတွေကိုတော့ ခေါ်ယူအကူအညီတောင်းတာမျိုး မရှိသေးဘူးလို့ ထားဝယ်မြို့ခံ ပရဟိတအသင်းတခုက ပြောပါတယ်။

လှေမှောက်ပြီး ရေနစ်မြုပ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသလို ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ အဆိုပါ အကြောင်းအရာကို ဖော်ပြထားတာ မတွေ့ရပါဘူး။

ထားဝယ်ခရိုင်အတွင်း ဇူလိုင် ၁၆ ရက်ကစပြီး ဒီနေ့အထိ ၃ ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းတာနဲ့ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024