Home
ဆောင်းပါး
ထီ၊ ငွေချေးစာချုပ်၊ ခရစ်ပတိုငွေကြေးနဲ့ မြန်မာ့လက်နက်ကိုင်တော်လှန်ရေး 
DVB
·
July 18, 2023

မြန်မာစစ်တပ်က ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အာဏာသိမ်းခဲ့ပြီးနောက် ၂ နှစ်ကျော် ကြာလာတဲ့အချိန်မှာ စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲအတွက် လိုအပ်တဲ့ ရန်ပုံငွေရှာဖွေရေး နည်းလမ်းတွေဟာ ပိုပိုပြီး နည်းပညာအဆင့်မြင့် ကောင်းမွန်လာခဲ့ပါတယ်။

နိုင်ငံရပ်ခြားရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ဝိုင်းဝန်းထောက်ပံ့ကြတဲ့ အလှူငွေတွေဟာ တော်လှန်ရေးအတွက် အများဆုံး ဝင်ငွေရလမ်းဖြစ်နေဆဲဆိုပေမဲ့ အခုချိန်မှာ အစိုးရငွေတိုက်စာချုပ်၊ အိမ်ခြံမြေ လေလံတင်ရောင်းချတာနဲ့ သတ္တုတွင်းတူးဖော်ခွင့် စာချုပ်တွေကနေ တဆင့်လည်း ငွေဝင်လမ်းတွေ ထပ်မံဖောက်ထားနိုင်ကြပြီ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ စစ်အာဏာရှင်တွေလက်အောက် ရောက်နေတဲ့ ဘဏ်တွေကို ရှောင်လွှဲပြီး ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ် ဒစ်ဂျစ်တယ်ငွေကြေးတမျိုးကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အခုချိန်မှာတော့ NUG က တခြားဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေပါ ပေးနိုင်ရေးအတွက် အွန်လိုင်းဘဏ်တွေ ဖွင့်လှစ်နိုင်တော့မယ့် အလားအလာ ရှိနေပြီ ဖြစ်ပါတယ်။

အမေရိကန်၊ ဝါရှင်တန်မြို့ရှိ National War ကောလိပ်က ပါမောက္ခ ဇာခရီအဘူဇာက “လက်နက်ခဲယမ်းနဲ့ တိုက်ခိုက်ရေး လက်နက်ကိရိယာတွေပဲဖြစ်ဖြစ်၊ ဆက်သွယ်ရေးကိရိယာနဲ့ လူမှုကယ်ဆယ်ရေး အကူအညီတွေပဲဖြစ်ဖြစ် အနောက်နိုင်ငံအစိုးရတွေရဲ့ ထောက်ပံ့ကူညီမှုကို NUG ကလိုလားနေပေမဲ့ အခုချိန်မှာတော့ ဘယ်လိုမှ မရနိုင်သေးပါဘူး။ ဒါကြောင့် သူတို့ဟာ သူတို့ခြေထောက်ပေါ်သူတို့ရပ်နိုင်မှကို ဖြစ်မှာပါ”လို့ ပြောပါတယ်။

ပါမောက္ခ ဇာခရီအဘူဇာဟာ အရှေ့တောင်အာရှနိုင်ငံတွေက တော်လှန်ပုန်ကန်မှုတွေကို လေ့လာနေခဲ့တာ နှစ်ပေါင်း ၃၀ လောက် ရှိပြီဖြစ်ပါတယ်။

ဇာခရီအဘူဇာဟာက “သူတို့ခြေထောက်ပေါ်သူတို့ ရပ်နိုင်ဖို့အတွက်ကိုလည်း သူတို့က ခေတ်သစ်နည်းပညာ အသုံးချ နည်းလမ်းတွေ၊ ဆန်းသစ်တဲ့ နည်းလမ်းတွေအပြင် ပြောရရင် ပေါ့ပေါ့ပါးပါး နည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့ကြပြီး အခြေအနေကို ပြောင်းလဲနိုင်ခဲ့ကြပါတယ်” လို့ ဗွီအိုအေနဲ့ အင်တာဗျူးမှာ  ပြောခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၃၀၀၀၀ ကျော်ရှိခဲ့ပြီး ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူပေါင်း ၁၅ သိန်းကျော် ရှိခဲ့ပါတယ်။ အဲဒါအပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး အရပ်သား ထောင်ပေါင်းများစွာဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြရပါတယ်။

ရာပေါင်းများစွာသော အရပ်သားတွေဟာ နယ်မြေစိုးမိုးမှု ရရှိရေးအတွက် မြန်မာစစ်အာဏာရှင်တွေကို နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်နက်စွဲကိုင်ကာ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီ အရပ်သားလက်နက်ကိုင် အဖွဲ့အတော်များများကို NUG က ထောက်ပံ့ပေးရင်း ထိန်းချုပ်ထားပါတယ်။ NUG ကိုယ်တိုင်ကလည်း အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ထားတာ ဖြစ်ပါတယ်။

အင်တာဗျူးဖို့အတွက် ဗွီအိုအေရဲ့ တောင်းဆိုထားတာကို NUG က ငြင်းပယ်ခဲ့ပြီး ဗွီအိုအေရဲ့ အီးမေးလ်တွေကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး တင်ထွန်းနိုင်က အဲဒီအချိန်ထိ NUG က ရှာဖွေနိုင်ခဲ့တဲ့ ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရှိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီထဲက တဝက်နီးပါးဟာ နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်တွေ ရောင်းချရာကနေ ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီငွေတိုက်စာချုပ်တွေမှာ အတိုးနှုန်း မပါရှိသလို စစ်အာဏာရှင်တွေ ကျဆုံးသွားမှသာလျှင် အဲဒီငွေတွေ ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ ခြေကုပ်ရယူစိုးမိုးထားတဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ရဲ့ တဝက်လောက်ကနေလည်း အခွန်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ မကြာမီအချိန်အတွင်းမှာ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ အမြောက်အမြား ရှိနေသေးတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်တွေကိုလည်း ရောင်းချသွားဖို့ရှိတယ်လို့ သူကပြောပါတယ်။ NUG က အမည်မဖော်လိုသူတယောက်ကို ဖေဖော်ဝါရီလထဲမှာ အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရောင်းချခဲ့ကြောင်းကိုလည်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ယာယီအစိုးရ NUG ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်က စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အင်လျားကန်စောင်းကနေအိမ် အပါအဝင် စစ်တပ်ပိုင် သို့မဟုတ် စစ်တပ်က သိမ်းဆည်းထားတဲ့ အဆောက်အဦနဲ့ မြေနေရာတွေကိုလည်း လေလံတင် ရောင်းချခဲ့ပါသေးတယ်။ သတ္တုတွင်းလုပ်ငန်း လုပ်ကိုင်ခွင့်ကို ဝယ်ယူထားခဲ့ကြသူတွေဟာ ယာယီအစိုးရက အနိုင်ရပြီး အာဏာရလာမှသာလျှင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခွင့်ရကြမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေ ပိုင်ဆိုင်မှုကနေ အမှန်တကယ် အမြတ်ငွေရရှိနိုင်တာကြောင့် အိမ်ခြံမြေ လေလံတင်ရောင်းချတာဟာ NUG အစိုးရအတွက် အစိုးရချေးငွေစာချုပ်ထက် ပိုပြီး ဝင်ငွေရစေနိုင်တယ်လို့ အဘူဇာက ပြောပါတယ်။

တကမ္ဘာလုံးအနှံ့ကနေ ရရှိနေတဲ့ အလှူငွေတွေဟာလည်း NUG နဲ့ အခြားအဖွဲ့တွေအတွက် ဒေါ်လာ သန်းနဲ့ချီပြီး အထောက်အကူ ဖြစ်စေတယ်လို့ ယူဆရပါတယ်။ ဒေါ်ခင်မိုးဟာ နယူးယော့ခ်မှာရှိတဲ့ သူ့အိမ်ကနေ လက်စွပ်တွေ၊ လည်ဆွဲတွေနဲ့ တခြား ရတနာပစ္စည်းတွေကို အွန်လိုင်းကနေ လေလံတင်ရောင်းချရင်း တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေပေးနေပါတယ်။ လက်မှတ်တစောင်ကို ဒေါ်လာ ၂၀ လောက်နဲ့ ရောင်းချပြီး ရတနာပစ္စည်းတခုက ဒေါ်လာ ၁,၀၀၀ အသာလေးရအောင် ရောင်းပေးနိုင်တယ်လို့ သူက ပြောပါတယ်။

သူနဲ့ သူ့မိတ်ဆွေတွေဟာ NUG က ရောင်းချတဲ့ နွေဦးတော်လှန်ရေး အစိုးရချေးငွေစာချုပ်ကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဖိုးလောက် ဝယ်ယူထားခဲ့တယ်လို့လည်း သိရပါတယ်။ မြန်မာစစ်တပ်လက်ထဲမှာ ရှိနေဆဲဖြစ်တဲ့ မြေပေါ်မှာ တော်လှန်ရေးအောင်မြင်ပြီးနောက် ဆောက်လုပ်သွားဖို့ NUG က ဒီဇိုင်းဆွဲထားတဲ့ အဆောက်အဦမှာလည်း နယူးယော့ခ်မှာနေတဲ့ သူ့ညီမတယောက်က အခန်းဝယ်ယူထားတယ်လို့ ဒေါ်ခင်မိုးက ပြောပါတယ်။

“စစ်အာဏာရှင်တွေက လူတိုင်းကို အာဏာနဲ့ ထိန်းချုပ်ချင်နေတာ။ လူတွေကို ဖမ်းပြီး ထောင်ထဲထည့်တယ်။ လူတွေ၊ ကျောင်းသားလူငယ်တွေကို သတ်ပစ်တယ်။ အဆိုးဆုံးကတော့ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်ခွင့်ကို သူတို့က တားမြစ်ပိတ်ဆို့ သိမ်းယူလိုက်တာပဲ။ အဲဒါကို ကျမတို့က လက်မခံနိုင်ဘူး” လို့ ဗွီအိုအေနဲ့ အင်တာဗျူးမှာ သူက ပြောခဲ့ပါတယ်။

“NUG ရဲ့ ခေါင်းဆောင်တွေက မြန်မာနိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ကူညီထောက်ပံ့နိုင်လိမ့်မယ်လို့ ကျမတို့က ယုံကြည်တယ်။ အဲဒါကြောင့်လည်း ယုံယုံကြည်ကြည်နဲ့ အစိုးရချေးငွေတွေကို ကျမတို့က ဝယ်တာပေါ့။ ဒီလို အစိုးရချေးငွေကို ဝယ်ယူခြင်းအားဖြင့် ကျမတို့အတွက် အတိုးလည်းမရနိုင်ဘူးဆိုတာ သိပေမဲ့ ကျမတို့က ယုံကြည်မှုနဲ့ ထောက်ပံ့ကူညီတာပါ” လို့ သူကပြောပါတယ်။

အဲဒီငွေကြေးတွေကို မြန်မာနိုင်ငံက မြေပြင်မှာ လှုပ်ရှားနေသူတွေဆီ အရောက်ပို့ရေးကလည်း နောက်ထပ် အရေးကြီးကိစ္စတခုပဲ ဖြစ်ပါတယ်။ အာဏာလုယူထားတဲ့ မြန်မာစစ်တပ်ဟာ ဗဟိုဘဏ်ကို ထိန်းချုပ်လိုက်ပြီးနောက် မကြာခင်မှာ အတိုက်အခံအင်အားစုတွေဆီ ငွေကြေးလွှဲပြောင်းပေးပို့နေတယ်လို့ သံသယရှိတဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းပစ်ဖို့ နိုင်ငံတွင်းကဘဏ်တွေကို အမိန့်ပေး စေခိုင်းခဲ့ပါတယ်။ သံသယရှိတဲ့ ငွေလွှဲပြောင်းမှုစာရင်း ရှိထားသူတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ် အပြစ်ပေးတာတွေ ရှိခဲ့ပါတယ်။

မြေပြင်မှာ လက်တွေ့လှုပ်ရှားနေသူတွေဆီကို ငွေကြေးထောက်ပံ့ပေးပို့ရာမှာ အေးဂျင့် အချင်းချင်း ချိတ်ဆက်ကာ ငွေလွှဲပေးတဲ့ လုပ်ငန်းတွေကနေတဆင့် ဘဏ်တွေကိုရှောင်ပြီး ပေးပို့နိုင်ပေမဲ့ ကန့်သတ်ချက်တွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ နောက်ထပ် နည်းလမ်းတခုအနေနဲ့ NUG ဟာ တယူနစ်ကို မြန်မာငွေ တကျပ်နဲ့ ညီမျှတဲ့ ခရစ်ပတိုငွေကြေး ဒစ်ဂျစ်တယ်မြန်မာကျပ်ကို စတင်ဖန်တီးသုံးစွဲခဲ့ပါတယ်။ ဒါဟာ နှောင့်ယှက်တားဆီးဖို့ မလွယ်ကူတဲ့ ဒါမှမဟုတ် မဖြစ်နိုင်တဲ့ ဘလော့ချိန်း နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒါအပြင် NUGpay အမည်နဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို စီမံအသုံးပြုနိုင်မယ့် မိုဘိုင်းဝေါလက်တခုကိုလည်း NUG က စတင်ဖန်တီး ဖြန့်ချိခဲ့ပါတယ်။

ဖန်တီးသုံးစွဲတဲ့သက်တမ်း အလွန်နုနေသေးပေမဲ့ DMMK ဟာ နိုင်ငံအနှံ့မှာရှိတဲ့ မြေပြင်က တော်လှန်အဖွဲ့တွေအကြား ငွေကြေးအပြန်အလှန် ပေးပို့နိုင်နေပြီဖြစ်တယ်လို့ ဘလော့ချိန်းနည်းပညာ ကျွမ်းကျင်သူ ကိုစိုး (အမည်လွှဲ) က ပြောပါတယ်။

စစ်အာဏာရှင်တွေရဲ့ အွန်လိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ရှောင်ရှားဖို့နဲ့ တော်လှန်ရေးအဖွဲ့အချင်းချင်း သတင်းပေးပို့မှုတွေကို စစ်အာဏာရှင်လက်အောက်ခံ ဆက်သွယ်ရေးကုမ္ပဏီတွေက ကြားဖြတ်နားထောင်နိုင်ခြင်း မရှိစေဖို့အတွက် ခရစ်ပတိုငွေကြေးနဲ့ ဘလော့ချိန်းနည်းပညာ အသုံးချနည်းတွေကို မြန်မာနိုင်ငံထဲက ပဋိပက္ခနယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရမဟုတ်သော ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေကို ကိုစိုးက လေ့ကျင့်သင်ကြားပေးပါတယ်။

“အဓိကကတော့ တော်လှန်ရေးမှာ မြန်မာနိုင်ငံသားတွေဆီကရော တခြားနိုင်ငံသားတွေဆီကပါ ကူညီမယ့် ထောက်ပံ့ကူညီမှုတွေကို လိုအပ်နေတယ်။ အဲဒီအတွက်က ခရစ်ပတိုငွေကြေးကို သုံးတာ စိတ်အချရဆုံးပဲ။ ဘလော့ချိန်းနည်းပညာ အသုံးပြုထားတဲ့ ခရစ်ပတိုငွေကြေးနဲ့ ငွေပေးချေမှုတွေကို မြန်မာစစ်တပ်မှ မဟုတ်ဘူး၊ တကမ္ဘာလုံးမှာရှိတဲ့ ဘယ်အစိုးရကမှ တားဆီးပိတ်ဆို့လို့မရဘူး” လို့ ဗွီအိုအေနဲ့ အင်တာဗျူးမှာ ကိုစိုးက ပြောပါတယ်။

ဒစ်ဂျစ်တယ်မြန်မာကျပ်ငွေဟာ တခြား ခရစ်ပတိုငွေကြေးတွေနဲ့ လဲလှယ်ရာမှာ အကန့်အသတ် များစွာရှိနေတာ၊ ငွေအသွင်းအထုတ်လုပ်ဖို့အတွက် ပြင်ပအေးဂျင့်တွေရှိဖို့ လိုအပ်နေတာ စတဲ့အခက်အခဲတွေကြောင့် ဒစ်ဂျစ်တယ်မြန်မာကျပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် လက်တွေ့မှာ အသုံးဝင်နိုင်ခြင်း ရှိမရှိကို သံသယရှိနေကြပါတယ်။ NUG က ဟိုတစဒီတစ ထုတ်ဖော်ပြောဆိုခဲ့တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို အကောင်အထည် ဖော်လာနိုင်တဲ့ အခါမှာတော့ ကိုယ့်ဆီမှာ အသုံးပြုမယ့် ဒစ်ဂျစ်တယ်မြန်မာကျပ်ရဲ့ မူလဌာနအဖြစ်သာ မဟုတ်ဘဲ တခြား ခရစ်ပတိုငွေကြေးတွေနဲ့ လဲလှယ်အသုံးပြုနိုင်မယ့် ဘလော့ချိန်းကွန်ရက်တွေထဲမှာ ပါဝင်လိုက်ခြင်းအားဖြင့် ဒီပြဿနာတချို့ ပြေလည်သွားနိုင်တယ်လို့ ကိုစိုးက ပြောပါတယ်။

NUG က အရင် ကြေညာခဲ့တဲ့ အွန်လိုင်းဘဏ် စတင်ဖွင့်လှစ်မယ့်ရက်ကို ကျော်လာခဲ့ပြီ ဖြစ်ပေမဲ့ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဒေသခံမီဒီယာတခုက ရေးသားခဲ့တဲ့ သတင်းတပုဒ်အရ NUG ဟာ အခုဇူလိုင်လထဲမှာ အွန်လိုင်းဘဏ်ကို ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။

“မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ အာဏာရှင်စစ်တပ်နဲ့ ယှဉ်လိုက်ရင် အလွန်နည်းတဲ့ အထောက်အပံ့ ပမာဏနဲ့ ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ တကယ်လို့သာ NUG က သူတို့စီစဉ်ထားသလို ဘဏ်ကို ဖွင့်လှစ်နိုင်ခဲ့မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေ ရပ်တည်ရေးအတွက် အရေးပါတဲ့ အထောက်အပံ့တခု ဖြစ်လာမှာ အသေအချာပဲ” လို့ NUG နဲ့ သီးသန့်တွေ့ဆုံပြီး သူတို့ရဲ့ စီမံကိန်းတွေအကြောင်း ဆွေးနွေးခဲ့တဲ့ ပါမောက္ခ အဘူဇာက ပြောပါတယ်။

“သူတို့ရဲ့ နွေဦးဘဏ် အချက်အလက် အသေးစိတ်ရယ်၊ သူတို့ပေးမယ့် ဝန်ဆောင်မှုတွေရယ်၊ သူတို့ အွန်လိုင်းမှာသုံးမယ့် နမူနာပုံစံတွေရယ်ကို ကျနော် မြင်ခဲ့ပြီးပါပြီ။ သူတို့ရဲ့ဘဏ်က လူကြိုက်များ ရေပန်းစားမယ်လို့ ထင်ပါတယ်” လို့ ပါမောက္ခ အဘူဇာက ပြောပါတယ်။

“ဒါဟာ NUG အတွက် ဝင်ငွေရပေါက်ရလမ်းတခု ဖြစ်လာနိုင်ရုံသာမကဘဲ သူတို့ရဲ့ တခြားဘဏ္ဍာရေးလုပ်ငန်းတွေဖြစ်တဲ့ ထီရောင်းတာတွေ၊ အိမ်ခြံမြေရောင်းတာတွေနဲ့ အစိုးရချေးငွေစာချုပ် ရောင်းချတာတွေကိုပါ အဲဒီကနေတဆင့် စီမံခန့်ခွဲသွားနိုင်မှာ ဖြစ်တာကြောင့် တကယ်သာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ဒါဟာ တော်လှန်ရေးမှာ ရေရှည်အထောက်အပံ့ ရရှိရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတခု ဖြစ်လာမှာပဲ” လို့ သူက ဆက်ပြောခဲ့ပါတယ်။

ဘာသာပြန်သူ- ဥဿာဆန်း

Ref:NORD/ Lotteries, bonds and crypto finance Myanmar’s armed resistance

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024