မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမကနေ ထွက်လာတဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်သားအင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို YRA ထီးလင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ဘူးတောင်းရွာနဲ့ ညောင်ရွာကြား တထောက်နားနေချိန် YRA (ထီးလင်း) က လက်နက်ကြီးနဲ့ ၁၀ ချက်ကျော် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိမိတို့ လက်နက်ကြီးအထိုင်ချရာနေရာကို စစ်ကောင်စီတပ်က ဝိုက်ပြီး ချဥ်းကပ်လာတာကြောင့် လက်နက်ကြီးလုံခြုံရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ YRA ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
“ပထမတော့ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ပစ်တာ။ သူတို့ဘက်က လက်နက်ကြီးပစ်တဲ့ဆီ ချဉ်းကပ်လာတာကနေ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၃ ယောက် သေဆုံးတယ်။ ဒဏ်ရာရသူလည်း များတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။”
အဆိုပါတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဇူလိုင် ၄ ရက်ကလည်း ထီးလင်းမြို့နယ် အောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ YRA တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။
မကွေးတိုင်း၊ ဆောမြို့နယ် လောင်းရှည်မြို့မှာ ဇူလိုင် ၁၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်မှာ ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်ကို ပြည်သူ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ဆောနယ်နဲ့ ချင်းပြည်နယ်အစပ်က ရင်းကဲရွာ၊ မဆာတွီရွာ၊ မောချောင်းရွာ၊ လှိုင်ဒုတ်ရွာဟောင်း၊ လှိုင်ဒုတ်ရွာသစ်၊ မှန်တောင်၊ ဒိုလောင်း စတဲ့ရွာတွေကနေ ကန်ပက်လက်မြို့ပေါ် စစ်ရှောင်လာခဲ့ကြတာလို့ ကန်ပက်လက် စစ်ရှောင်တာဝန်ခံက ပြောပါတယ်။
စစ်ရှောင်တွေဟာ ကန်ပက်လက်မြို့ပေါ်က နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ တောစပ်တွေမှာ နေထိုင်နေကြရပြီး အခုအချိန်ထိ စာရင်းကောက်ယူမရတာတွေ ရှိသေးတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ လောင်းရှည်မြို့နဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ဆက်သွယ်ထားတဲ့ လောင်းရှည်-ကျင်ဒွေး ကားလမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၇ ရက်က စတင်ပိတ်ထားခဲ့တာဖြစ်ပြီး အခုစစ်ရေးအခြေအနေအတိုင်းဆို လမ်းပိတ်ဖို့ အချိန်ပိုကြာမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ခန့်မှန်းပါတယ်။
ဇူလိုင် ၁၇ ရက် နေ့လယ် ၁ နာရီကလည်း ဆောမြို့နဲ့ ၁ မိုင်ကျော်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။