Home
မြန်မာသတင်း
စစ်အာဏာရှင်အဖွဲ့ကို ဖိအားပေးရန် အမေရိကန် ရှေ့ဆုံးကပါဝင်ဟု သံရုံးအကြီးအကဲသစ် ပြော
DVB
·
July 17, 2023

စစ်အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေမှုတွေမှာ အမေရိကန်က ရှေ့ ဆုံးက ပါဝင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ အကြီးအကဲသစ် ဆူဆန်စတီဗင်ဆင်က ပြောလိုက်ပါတယ်။

ဇူလိုင် ၁၇ ရက် ဒီကနေ့ ရက်စွဲနဲ့ သံရုံးထုတ်ပြန်ချက်မှာ ခုလိုပြောလိုက်တာဖြစ်ပြီး အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံတော်ပိုင် အကြီးမားဆုံး ဘဏ္ဍာရေးအဖွဲ့အစည်း ၂ ခု အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ ခုလို အရေးယူမှုတွေဟာ အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးရာရောက်သလို ငွေကြေးဈေးကွက်တွေနဲ့ ချိတ်ဆက်ဖို့ ပိုပြီး ခက်ခဲစေပါတယ်။”

ဒါ့အပြင် အမေရိကန်နိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခကို အဖြေရှာနေကြသူတွေ အားလုံး အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုအတွက် အားထုတ်မှုတွေကိုလည်း အားပေးထောက်ခံနေတယ်လို့လည်း ဆူဆန်စတီဗင်ဆင်က ပြောထားပါတယ်။

“မြန်မာ့သမိုင်းရဲ့အခုလို အရေးပါတဲ့ကာလမှာ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးတွေကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံသွားရမှာမို့ ဂုဏ်ယူမိပါတယ်။ ကျမက အခုမှ မြန်မာနိုင်ငံကို ရောက်ဖူးတာတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ သံတမန်အရာရှိအဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်တုန်းက မြန်မာနိုင်ငံကို ၁၉၉၄ မှာ ပထမဦးဆုံးအကြိမ် ရောက်ခဲ့ဖူးပါတယ်။ ကံကောင်း ထောက်မစွာပဲ ၁၉၉၇ မှာ နောက်ထပ်တစ်ကြိမ် ထပ်ပြီးရောက်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ထပ်မံရောက်ရှိခဲ့ပြီး ပိုပြီးပွင့်လင်းပျော့ပြောင်းတဲ့ အစိုးရတရပ်အောက်က တိုးတက်ပြောင်းလဲလာမှုတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါသေးတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနဲ့ သင်တို့ရဲ့ လွတ်လပ်မှုတွေ ကြုံလှီချည့် နဲ့သွားတဲ့ အကြောင်းကို သိရတော့ ကမ္ဘာတဝန်းက လူတွေလိုပါပဲ ကျမလည်း တုန်လှုပ်ချောက်ချားမိပါတယ်။”

လတ်တလော စစ်အာဏာသိမ်းမှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကြံ့ကြံ့ခံရင်ဆိုင်နေကြရတဲ့ ပြင်းထန်ဆိုးရွားတဲ့ အခက်အခဲတွေကိုလည်း သံရုံးအဖွဲ့သားတွေနဲ့ အတူ အလေးအနက် နားလည်သိရှိတယ်လို့လည်း သူက ဆိုပါတယ်။

“မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးပြီး မတရား ဖမ်းဆီးခံထားရသူတွေအားလုံး ပြန်လည်လွတ်မြောက်မယ့် အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်တခုကို အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာထောက်ခံအားပေးတယ်ဆိုတာကို သင်တို့ကို သိစေချင်ပါတယ်။ ဒီသံန္နိဋ္ဌာန်က စကားလုံးသက်သက် ဆိုတာထက် ပိုပါတယ်။ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်တဲ့သူတွေဆီ ပေးအပ်နိုင်ဖို့၊ အထူးသဖြင့်တော့ အာဏာရှင်အဖွဲ့အစည်းရဲ့ လက်မခံနိုင်လောက်တဲ့ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူတွေကို ကျမသိစေချင်တာက သင်တို့ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ သူရသတ္တိကို ကျမတို့ အသိအမှတ်ပြုပါတယ်။ လွတ်လပ်မှုအတွက် သင်တို့ရဲ့ တောင်း ဆိုမှုကိုလည်း ကြားသိရပါတယ်။ အခြေခံကျတဲ့ အခွင့်အရေးတွေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအနာဂတ်ကို လိုလားတောင့်တနေကြတဲ့ သင်တို့ကို အားပေးထောက်ခံရင်း အမေရိကန် သံရုံးက သင်တို့ဘက်က ဆက်လက်ရှိနေပါမယ်။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

ဒါ့အပြင် စစ်အာဏာသိမ်း ၂ နှစ်ခွဲနီးပါး ကာလတွေအတွင်း မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024