Home
မြန်မာသတင်း
ယခုပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၈ သန်းကျော် ကျောင်းအပ်
aung khant
·
July 17, 2023

၂၀၂၃ -၂၄ ပညာသင်နှစ်အတွက် မြန်မာတနိုင်ငံလုံးရဲ့အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ  ၈ သန်းကျော်ကျောင်းအပ်ခဲ့တယ်လို့ စစ်ကောင်စီပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီပညာရေးဌာနက ပြုလုပ်တဲ့ အခြေခံပညာကျောင်းအပ်နှံရေးသီတင်းပတ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းသားကျောင်းသူ ၆ သန်းကျော်လောက်ကျောင်းအပ်ခဲ့ပြီး ဇွန်လကုန်အထိ ကျောင်းအပ်နှံခွင့်ကို သက်တမ်းတိုးပေးခဲ့ရာ ဇွန်လမကုန်ခင်အထိ ကျောင်းသားကျောင်းသူ ၇ သန်းကျော်လောက် ကျောင်းအပ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီပညာရေးဌာနက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်ရသေး တဲ့သူတွေအတွက် ကျောင်းအပ်နှံခွင့်ကို ယခုလ ဇူလိုင်လ ၁၄ ရက်နေ့ အထိ သက်တမ်းတိုးပေးခဲ့ရာ နောက်ထပ် ကျောင်းသားကျောင်းသူ ၁ သန်းကျော်လောက်ကျောင်းအပ်လာတဲ့အတွက် ယခုပညာသင်နှစ်မှာ ကျောင်းသားကျောင်းသူ ၈ သန်းကျော်လောက်ကျောင်းအပ်နှံထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဇူလိုင်လ ၁၄ ရက်အထိ ကျောင်းသား ၁ သန်းကျော်လောက် ကျောင်းအပ်တယ်ဆိုတာကတော့ စစ်ကောင်စီပညာရေးဌာနရဲ့ ပြောဆိုချက်သာဖြစ်ပြီး ဒီအရေအတွက်ကို သီးခြားအတည်မပြုနိုင်ပါဘူး။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၄၃၀၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး  ကျောင်းသားကျောင်းသူအားလုံး ပညာသင်နှစ်ပြီးဆုံးတဲ့အထိ အပြည့်အဝ ကျောင်းတက် နိုင်ရေးနဲ့ အဆင့်လိုက် အတန်းကူးပြောင်းမှုရာခိုင်နှုန်း မြင့်မားရေးကိုဆက်လက်လုပ်ဆောင်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျောင်းသားကျောင်းသူ ၈ သန်းကျော် ကျောင်းအပ်တယ်ဆိုပေမယ့် အာဏာမသိမ်းခင် ၂၀၂၀-၂၁ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းသားကျောင်းသူ ၉ သန်းကျော်အထိ ကျောင်းတက်ရောက်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သန်းနဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာတွေကတော့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်တဲ့အနေနဲ့ စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားခြင်းမရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024