စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က မြို့မစျေးမှာ ဒီနေ့ ဇူလိုင် ၁၆ ရက်နေ့ မနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ဒါဟာ စစ်ကောင်စီလက်ချက်ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်တွေက ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် ကိုရင်လေးတပါးနဲ့ ကလေးငယ်တယောက်အပါအဝင် ၁၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ဈေးသည်တယောက်က “ပေါက်တာက ဈေးအိမ်သာနားကနေ ပေါက်တာ။ တလုံးပေါက်ပြီး ၅ မိနစ်လောက်ရောက်တော့ ထပ်ပြီး နောက်တလုံးပေါက်တယ်။ ပေါက်ကွဲတာကလည်း ဈေးဝယ်သူတွေ စုံတဲ့အချိန်ပေါက်ကွဲတာဗျ” လို့ ပြောပါတယ်။
ပေါက်ကွဲပြီး ခဏအကြာမှာ စစ်ကောင်စီတပ်သားတွေ ဈေးထဲကိုရောက်လာပြီး ရှာဖွေ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုရဲခေါင်က “ဒါက PDF နဲ့ ပြည်သူကို ရန်တိုက်တာဗျ။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ဒီသတင်းရရချင်း တော်လှန်ရေးအဖွဲ့တွေဆီ စစ်ဆေးတာတွေလုပ်တယ်။ လက်ရှိအချိန်အထိ ဘယ်အဖွဲ့ကမှ လုပ်တာမဟုတ်ဘူးလို့ စစ်ဆေးတွေ့ရှိရတယ်။ တချက်က စစ်ကောင်စီကို မေးချင်တာက ရွှေဘိုမြို့ပေါ်မှာ ဘယ်သူတွေ ထိမ်းချုပ်ထားတာလဲ။ ကျနော်တို့ တော်လှန်ရေးအများစုကတော့ ပြည်သူအများရှိနေတဲ့ နေရာမျိုးတွေမှာ အခုလိုမျိုး မလုပ်ကြဘူးဗျ။ စစ်ကောင်စီလမ်းကြောင်းတွေ၊ စစ်ကောင်စီ ရုံးတွေ၊ ရဲစခန်းတွေအနီးမှာဆိုရင်တော့ ကျနော်တို့တော်လှန်ရေးဘက်က လုပ်တယ်ဆိုတာ ဖြစ်နိုင်တယ်။ အခုဟာကတော့ အသိသာကြီးပါဗျာ” လို့ ပြောပါတယ်။
ဒေသခံအများစုကလည်း စစ်အာဏာသိမ်းချိန်ကတည်းက ရွှေဘိုမြို့ပေါ်ကို စစ်ကောင်စီက ထိမ်းချုပ်ထားပြီး အခုလို ဗုံးပေါက်ကွဲတာဟာ စစ်ကောင်စီကဘက်က လုပ်တာပဲ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
ရွှေဘိုမြို့မှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခုလို ဗုံးပေါက်ကွဲတာ ၃ ကြိမ် ရှိပြီး မတ် ၂၈ ရက်နေ့က ရွှေဘိုမြို့၊ ကားကြီးကွင်းအနီး၊ အဲဒီနေ့မှာပဲ ကားကြီးကွင်း မြောက်ဘက်ခြမ်း လမ်းပေါ်မှာ ပေါက်ကွဲခဲ့ပါတယ်။