Home
မြန်မာသတင်း
ရွှေဘိုမြို့မဈေးတွင် မိုင်းပေါက်ကွဲပြီး ကိုရင်နှင့်ကလေးတဦးအပါအဝင် ၁၁ ဦး ဒဏ်ရာရ
DVB
·
July 16, 2023


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မြို့မဈေးကြီးမှာ ဒီမနက်ပိုင်းက မိုင်း ၂ ကြိမ်ပေါက်ကွဲပြီး ကိုရင်တပါးနဲ့ ကလေးတယောက်အပါအဝင် ပြည်သူ ၁၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီနေ့ ဇူလိုင် ၁၆ ရက် မနက် ၇ နာရီလောက်မှာ မြို့မဈေးကြီးထဲက ငါးဈေးတန်းမှာ မိုင်း နှစ်လုံး ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။


ရွှေဘိုမြို့ခံတယောက်က "အဲအချိန်က လူစည်ကားတဲ့အချိန်။ ကိုရင်က ဈေးထဲ ဆွမ်းခံကြွလာတာပါ။ ကလေးငယ်က သူ့အမေနဲ့ဈေးဝယ်လာတာ။ နှစ်ယောက်လုံး ဒဏ်ရာရခဲ့တယ်။ အခုဆေးရုံပေါ်မှာ။ ဒဏ်ရာတွေက ခြေထောက်တွေကို အများဆုံးထိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ဈေးကို ပိတ်ပြီးစစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်
အဝေးထိန်းမိုင်းလို့ ယူဆရတဲ့ မိုင်းနှစ်လုံးက ငါးဈေးတန်းက ဆိုင်ခန်းတွေနားမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကိုရင်တပါး၊ ကလေးတယောက်နဲ့ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၇ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့တာဖြစ်ပါတယ်။
ကုန်စိမ်းရောင်းချသူ တယောက်ကလည်း "ဈေးခုံအောက်ကပေါက်တာ။ မိနစ်ပဲခြားတယ်။ အရင်ပေါက်တဲ့ဟာကနေ ထိခိုက်မှုတွေရှိခဲ့တာ။ ပထမတစ်ကြိမ်ပေါက်တော့ လူတွေအဲနားကနေ ပြေးကြတာ။ နောက်တကြိမ်ပေါက်တဲ့ဟာမှာ ဒဏ်ရာရတဲ့သူမရှိပါဘူး။ အရမ်းမပြင်းလို့ တော်ပါသေးတယ်” လို့ ပြောပါတယ်။


မိုင်းထိမှန်ဒဏ်ရာရရှိခဲ့သူတွေကို မြို့ခံပရဟိတအသင်းတွေက ရွှေဘို ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။


အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန် ထားတာ မရှိသေးပါဘူး။
မတ် ၂၈ ရက်နေ့ကလည်း ရွှေဘိုမြို့ ဂိတ်ကြီးဝင်းနဲ့ တံတားအဆင်းမှာ မိုင်းနှစ်ကြိမ်ပေါက်ကွဲခဲ့လို့ အရပ်သားပြည်သူ တယောက်သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024