ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်းက ကျောက်စိမ်းအရောင်းအဝယ်လုပ်ကိုင်သူ အမျိုးသားတယောက်ကို အမည်မသိ လက်နက်ကိုင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ အောင်သာယာ ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးကျော်နိုင်ကို လူ ၇ ယောက်က သေနတ်နဲ့ချိန်ပြီး နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က "ညနေ ၄ နာရီခွဲလောက် ကားနှစ်စီးနဲ့ လူ ၇ ယောက် ရောက်လာတယ်။ သေနတ်တွေနဲ့ မိသားစုတွေကို ခေါင်းငုံ့ခိုင်းထားပြီး ဦးကျော်နိုင်တယောက်တည်းကို သေနတ်နဲ့ချိန်ပြီး ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းလဲ ဆိုတာကတော့ မသိဘူး" လို့ ပြောပါတယ်။
ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်တဲ့ အသက် ၅၀ ကျော် အရွယ် ဦးကျော်နိုင်ကို အဲဒီလက်နက်ကိုင်တွေက ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကလည်း ဖားကန့်က လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်ကို အမည်မသိလက်နက်ကိုင်တွေက လာရောက် ဖမ်းဆီးသွားခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီး ဓားပြတိုက်မှု၊ လုယက်သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်နေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီး အရေးယူနိုင်တာတွေ မရှိသေးပါဘူး။