Home
မြန်မာသတင်း
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြေညာချက် စစ်ကောင်စီ ကန့်ကွက်
DVB
·
July 15, 2023

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲ ကြေညာချက်မှာ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့  ဖော်ပြချက်တချို့ဟာ အာဆီယံပဋိညာဉ်ပါနဲ့ ကိုက်ညီခြင်းမရှိလို့ လက်မခံကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဇူလိုင် ၁၄ ရက်စွဲနဲ့ ကြေညာပါတယ်။

မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားတွေကို ဦးတည်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့   အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဇူလိုင် ၁၁ ရက်က ကျင်းပခဲ့တဲ့  (၅၆) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ပူးတွဲကြေညာချက် တောင်းဆိုထားတာပါ။

အဆိုပါ ပူးတွဲကြေညာချက်မှာပါဝင်တဲ့ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်တဲ့ တချို့အချက်တွေအပေါ် စိတ်ပျက်မိပြီး  ပြတ်သားစွာ ပယ်ချကြောင်းနဲ့ မြန်မာနိုင်ငံဟာ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့ အညီ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိရေး တို့ကို ဆောင်ရွက်သွားမယ်လို့  စစ်ကောင်စီနိုင်ငံခြားရေးဌာနကတုံ့ပြန်ပါတယ်။

မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်လို့  တစ်ဖက်သတ် မမျှမတဖော်ပြထာတဲ့ အချက်အလက်တချို့အတွက် စိတ်ပျက်မိကြောင်း၊ နိုင်ငံတစ်နိုင်ငံကို သီးခြားပစ်မှတ်ထားပြီး ပြည်တွင်ရေးကိစ္စကို ဖော်ပြမှုဟာ အာဆီယံပဋိညာဉ်စာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ “ဝင်ရောက်မစွက်ဖက်ရေးမူ” နဲ့ သွေဖည်နေလို့ မြန်မာနိုင်ငံအနေနဲ့  လက်မခံဘူးလို့ လည်း စစ်ကောင်စီက ဆိုပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်မှာတော့ မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးအသုံးပြု တိုက်ခိုက်တာ၊ အရပ်ဘက် အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတာပါ။

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ၂ဝ၂၁ ခုနှစ်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာနိုင်ငံပြဿနာ ဖြေရှင်းရေးမှာ အဓိကကျပြီး ဒီအချက်တွေကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ကြောင်း၊ ဒီ ငါးချက် အကောင်အထည်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဖို့ကိုလည်း အားလုံးသဘောတူခဲ့တယ်လို့ အာဆီယံ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုအားလုံး ရပ်တန့်ပြီး ခိုက်ရန်ဖြစ်စေမယ့် လုပ်ရပ်အားလုံးကို ရှုတ်ချဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး အခြေအနေတရပ် ဖန်တီးကြဖို့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ကိုလည်း အာဆီယံနိုင်ငံတွေက တိုက်တွန်းထားပါတယ်။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးနဲ့ စေ့စပ်ညှိနှိုင်းနေတာကိုလည်း ထောက်ခံကြောင်းနဲ့ ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံနဲ့ လက်တွဲပူးပေါင်းကြဖို့လည်း ဆိုထားပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ  စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်ခွင့်မရခဲ့ပါဘူး။

PHOTO-ASEAN

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024