ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဇူလိုင် ၁၃ ရက် မနက်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ CDF-မင်းတပ်ကနေ သိရပါတယ်။
မင်းတပ်မြို့ ခလရ ၂၇၄ ရဲ့ မြို့ဝင်ဂိတ်ကို ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာ CDF-မင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့သလို မနက် ၁၀ နာရီ ၄၇ မိနစ်ကနေ ၁၁ နာရီ မိနစ် ၂၀ အထိ မြို့ထဲမှာရှိတဲ့ စစ်ဆေးရေးဂိတ်တခုက စစ်ကောင်စီတပ်သားတွေကို ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က နှစ်ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ကျနော်တို့ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
မင်းတပ်မြို့နယ်မှာ ဇူလိုင် ၈ ရက် မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ ဒေသခံအမျိုးသမီး သုံးယောက် သေဆုံးကာ အမျိုးသားတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ CDF-မင်းတပ်ကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဓာတ်ပုံ-HKL Mindat/CDF-Mindat