အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အဓိကရေလမ်းကြောင်းဖြစ်တဲ့ ယမုံနာမြစ်ဟာ မုတ်သုံမိုး ရွာသွန်းမှုကြောင့် ဒေသတွင်း မိုးသည်းထန်ပြီး စံချိန်တင် ရေတွေမြင့်တက်လာခဲ့လို့ လျှပ်တပြက် ရေကြီးပြီး အစုလိုက်အပြုံလိုက် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော် ဒေလီကို ဖြတ်သွားတဲ့ ဂင်္ဂါမြစ်ရဲ့ အရှည်ဆုံး မြစ်လက်တက်ဖြစ်တဲ့ ယမုံနာမြစ်ဟာ ဇူလိုင် ၁၃ ရက် ညနေပိုင်းမှာ သူ့ရဲ့ရေမျက်နှာပြင်က ၂၀၈ မီတာ အမှတ်အသားကို ဖြတ်သွားခဲ့ပြီး ၄၅ နှစ်ကျော်အတွင်း အမြင့်ဆုံးဖြစ်ပါတယ်။
မြို့တော်ဒေလီရဲ့ အလယ်ပိုင်းဒေသတွေမှာ ဒူးဆစ်လောက်ထိနက်တဲ့ ရေတွေ တက်နေပြီး ရေကြီးမှုကြောင့် လမ်းတွေကို တိုးတိုက်နေကာ နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
မြေနိမ့်ပိုင်းဒေသတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
ရေကြီးမှုမှာ အားလုံး ဆုံးရှုံးခဲ့ကြရပြီး အဝတ်အစားတွေ၊ ဟင်းချက်ဖို့ အသုံးအဆောင်တွေ ဘာမှမကျန်တော့ဘူးလို့ ရေဘေးဒုက္ခသည်တဦးဖြစ်သူ ရမ်ဒူလာရီက ပြောပါတယ်။
မြို့တော်ရဲ့ ဒေသန္တရအစိုးရက ကြာသပတေးနေ့မှာ မုန်တိုင်းဒဏ်ခံဒေသတွေရှိ ကျောင်းတွေ၊ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေကို ယာယီပိတ်ထားဖို့ အမိန့်ထုတ်ခဲ့ပြီး အစိုးရနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကိုလည်း နေအိမ်ကနေ အလုပ်လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တချိန်တည်းမှာပဲ ရေကြီးမှုကြောင့် ဒေသတွင်း ရေသန့်စက်ရုံ ၃ ရုံကိုလည်း ပိတ်ခဲ့ရတာကြောင့် လာမယ့်ရက်တွေအတွင်း သောက်သုံးရေ ပြတ်လပ်မှုတွေ ရှိလာနိုင်ပါတယ်။
မုတ်သုံမိုး ရွာသွန်းမှုကြောင့် ၂ ပတ်အတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source - Reuters