ချင်းပြည်နယ်ဘက်ကို ဦးတည်လာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ ဆောမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာခံရပြီး ဒေသခံရွာတရွာကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
တင့်ကား၊ ဘက်ဟိုးမြေတူးကားနဲ့ ထောက်ပို့ကား ၂၈ စီးပါတဲ့ စစ်ယာဉ်တန်းဟာ စလင်းဘက်ကနေလာနေတုန်း ဆောမြို့နယ် အင်းဘူးရွာနားမှာ ဒီမနက် ၉ နာရီလောက်က တိုက်ခိုက်ခံခဲ့ရပါတယ်။
“သူတို့က ချင်းပြည်နယ်၊ ကျင်းဒွေးဘက်ကိုသွားနေကြတာ။ ဂန့်ဂေါခရိုင်တပ်ရင်းတွေရယ် ကျနော်တို့ မကွေးတိုင်း Drone လက်ရုံးတပ်ဖွဲ့ရယ် အင်းဘူးရွာအကျော်မှာ ချတာ။ ရှေ့ပြေးပွိုင့်လာတဲ့ အယောက် ၁၂၀ လောက်ကိုတိုက်ရတယ်။ တိုက်ပွဲစကတည်းက ရင်းကဲရွာကို မီးကျည်ကျနေပြီ။ တိုက်ပွဲငြိမ်တဲ့အချိန် ရွာထဲကို ဝင်ရှို့တာ” လို့ ဒရုန်းတပ်ဖွဲ့တာဝန်ခံတယောက်က ပြောပါတယ်။
ရင်းကဲရွာမှာ အိမ်ခြေတော်တော်များများ မီးလောင်ပျက်စီးသွားပြီး လက်ရှိအခြေအနေ အသေးစိတ်ကို မသိရသေးသလို ပြည်သူတချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရ သေဆုံးတယ်လို့ သိရပေမယ့် အတည်ပြုလို့တော့မရသေးပါဘူး။
စစ်တပ်ယာဉ်တန်းမှာ တင့်ကား ၂ စီးနဲ့ ဆက်သွယ်ရေးလိုင်းဖြတ်တဲ့ Jammer ကားလည်းပါတာကြောင့် ဒရုန်းတွေအသုံးပြုလို့ မရခဲ့ဘူးလို့ ဒရုန်းတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
“Jammer ကားကို ပစ်ဖို့တော့ ပြောထားတယ်ဗျ။ ခု ပစ်လိုက်တာတွေကလည်း လွဲနေတယ်။ သူတို့ကားတွေ တစီးမှ မပျက်သေးဘူး။ ခုက ဆောမြို့နယ်ထဲကို စစ်ကြောင်း ၂ ကြောင်းနဲ့ဝင်နေတာ” လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် အနီးအနားရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး စစ်တပ်ကတော့ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးရွာဘက်ကို သွားတဲ့ လမ်းကြောင်းမှာရှိနေတုန်း ဖြစ်ပါတယ်။