ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်မှာ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၁၇၀ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဒုတပ်ကြပ် အပါအဝင် ၁၆၀ ကျော် သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဝန်တင်မြည်း ၃၅ ကောင်သေပြီး တကောင် ဒဏ်ရာရရှိခဲ့တဲ့အပြင် မော်တော်ယာဉ် တစီးနဲ့ ဆိုင်ကယ် တစီး ပျက်စီးခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ဗုံး ခြောက်လုံး ကြဲချခဲ့တဲ့အပြင် မြေပြင်ကနေ လက်နက်ကြီးကျည် ခုနှစ်လုံး ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ပါတယ်။
တပ်မဟာ ၅ နယ်မြေအတွင်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်မြေလုံခြုံရေး ရယူထားတဲ့ KNLA တပ်ဖွဲ့ဝင်တွေက ခုခံကာကွယ်ရင်း ရဲဘော် သုံးယောက် ကျဆုံးခဲ့ပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ တယောက် သေဆုံးခဲ့သလို လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် အဆောက်အဦ ခုနှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “မိုးကာလ စစ်ကောင်စီစခန်း အသီးသီးကို ရိက္ခာရောက်ဖို့ လုံးပန်းနေတဲ့ကာလ။ သူတို့တပ်တွေ လမ်းကြောင်းတလျှောက် တော်တော်လေး လှုပ်ရှားနေတယ်” လို့ ပြောပါတယ်။
ဇွန်လ ၂၇ ရက် မနက် ၇ နာရီလောက်က တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဒေဘူးနို၊ ထော့ထီးပယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် ည ၁၂ နာရီလောက်မှာ မောလေခိုကျေးရွာနဲ့ အနီးအနားက သင်တန်းကျောင်းဟောင်းနေရာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေဟာ အရင်ကတည်းက လေကြောင်းအန္တရာယ်ကို စိုးရိမ်ကြောက်လန့်ပြီး နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အတွက် ထိခိုက်သူမရှိခဲ့ပေမဲ့ သင်တန်းကျောင်း အဆောက်အဦ အပါအဝင် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီက စစ်ရေးလှုပ်ရှားတာ၊ မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ အပြင် လေကြောင်းတိုက်မှုတွေကို စိုးရိမ်ကြောက်လန့်ပြီး သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ နေအိမ်စွန့်ခွာပြီး တောတောင်တွေထဲမှာ ထွက်ပြေးတိမ်ရှောင်နေရတဲ့အတွက် ကလေးငယ်နဲ့ လူကြီးတွေပါ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါတွေ ဖြစ်ပွားနေတယ်လို့ တာဝန်ရှိသူဆီက သိရပါတယ်။