မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်းမှာ ဇူလိုင် ၁၂ ရက် မနက် ၄ နာရီခွဲက ပေါက်ကွဲသံတွေ ကြားခဲ့ရပြီးနောက် ရဲစခန်းအနီးနေအိမ်က အမျိုးသမီးတဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ကလေးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျပ်ပြင်ရဲစခန်းအနီးမှာ ပေါက်ကွဲသံ ၄ ချက်နဲ့ သေနတ်ပစ်သံ ၈ ချက် ကြားခဲ့ရပြီး ဘယ်အဖွဲ့ကပစ်တယ် ဆိုတာကိုတော့ မသိရဘူးလို့ အနီးနားဒေသခံတဦးက ဆိုပါတယ်။
ကျပ်ပြင်ရပ်ကွက်မှာ နေထိုင်သူတဦးက “ပစ်သံကြားရတယ်၊ ဘယ်ဘက်က ဘယ်သူ့ကို ပစ်တာဆိုတာ မသိရဘူး။ ဘယ်သူမှ ထမကြည့်ရဲဘူးလေ။ မနက်ထလာတော့မှ ဒဏ်ရာရပြီး ထိတဲ့သူတွေရှိနေတာ၊ အိမ်တွေတော့မထိဘူး” လို့ ပြောပါတယ်။
ကျပ်ပြင်ရဲစခန်းအနီး နေအိမ်က အမျိုးသမီးတဦး မျက်လုံးကို ကျည်ထိမှန်ခဲ့ပြီး ဇူလိုင် ၁၂ ရက် နေ့လယ်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ကျပ်ပြင်ရဲစခန်းကို ဘယ်အဖွဲ့ကပစ်တယ် ဆိုတာကို မသိရသေးသလို အဖွဲ့အစည်းတွေကလည်း စာထုတ်ပြန်တာ မရှိသေးပါဘူး။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က ဇူလိုင်လအတွင်း စစ်ကြောင်းထိုးမယ်ဆိုပြီး နေရာအနှံ့ ကင်းပုန်းချထားကာ လုံခြုံရေးတွေ ယူထားတယ်လို့ သိရပါတယ်။