စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အတွင်းက မြင်းမူမြို့နယ်၊ ခွက်ခွင်းရွာအနီးမှာ NUG အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီစစ်ကြောင်းတို့ ဒီနေ့ ဇူလိုင် ၁၃ ရက် မနက် ၄ နာရီခွဲက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ အရာတော်မြို့နယ်တွေကို လှည့်လည်စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်နေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံ ရွာသားတဦးက “မနက်ခင်းက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဗျ။ ပစ်တာကတော့ အသံတွေ စုံနေတာပဲ။ ဒေသခံတွေကတော့ စစ်ကောင်စီ စစ်ကြောင်းထိုးလာကတည်းက အကုန်ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲကို ဆရာအောက်ချင်းက စစ်ကြောင်းမှူးအဖြစ် ဆောင်ရွက်ကာ မြင်းခြံခရိုင်တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့ ကိုသက်ကြီးက ဦးစီးပြီး ကျောက်ဆည်ခရိုင်တပ်ရင်း-၁ နဂါးနီတပ်ရင်းရဲ့ Zero Power အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
“ဒီလို ပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်နိုင်ဖို့ ကျနော်တို့ တပ်ရင်း ၃ ရင်းက ကလေးတွေ ၃ ရက် နေပူမိုးရွာထဲ အစာအငတ်ခံစောင့်နေရတယ်။ ဒီပွဲကတော့ ကျနော်တို အာဠာဝက Challenge ရဲ့ ပထမခြေလှမ်းလို့ ပြောလို့လည်းရတယ်။ တိုက်ပွဲက ခွက်ခွင်းရွာအရှေ့ဘက်ဇရပ်မှာ တိုက်ပွဲဖြစ်တာ။ အကွာအဝေးက မီတာ ၃၀ ကျော်ကနေ တည်ပစ်ခဲ့ရတာ။ ပထမက ကျနော်တို့ ကင်းပုန်းဝတ်နေတဲ့ နေရာအနီးကို စစ် (-) ၇ ကောင် ရှေ့ပြေးကင်းအနေနဲ့ အရင်ရောက်လာတယ်။ အဲ ၇ ကောင်ကို အရင်ပစ်လိုက်တာ၊ ၇ ကောင်ကတော့ နေရာတင်သေဆုံးတယ်။ အဲလိုပစ်လိုက်လို့ လက်နက်သံကြားလို့ နောက်စစ်ကြောင်းက ထပ်တက်လာတာကို ကျနော်တို့ အပိုင် တကောင်း ချင်း ညစနိုက်ဘာနဲ့ပစ်ခတ်ပြီး နောက်ပြန်ဆုတ်ခဲ့တယ်။ စခတွေဘက်ကတော့ ၃၂ အထက်ကျဆုံးတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ Zero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ကိုသက်ကြီးက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တက်တူကျေးရွာကို ဇူလိုင် ၁၂ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ်တာက ပလိုင်းရွာစာသင်ကျောင်းကနေ ကျနော်တို့ တက်တူရွာဘက်ကို ပစ်ခတ်တာဗျ။ ၃ လုံးပစ်တာ ၂ လုံးကတော့ အထိခိုက်မရှိခဲ့ဘူး။ နောက် ၁ လုံးကတော့ ရွာထဲက ပြည်သူအိမ်ပေါ် တည့်တည့်ကျပြီး ရွာသား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ အခုအရေးပေါ်ဆေးကုသပေးနေရင်း ညနေ ၄ နာရီလောက်က ဒဏ်ရာရလူနာထဲက ၁ ဦးကတော့ သေဆုံးသွားတယ်။ သေဆုံးသူက အမျိုးသားပါ။ ကျည်စထိမှန်တဲ့နေရာတွေက ချက်ကောင်းတွေထိတာဆိုတော့ အသက်အန္တရယ်စိုးရိမ်ရတဲ့ လူနာ ၂ ဦးလည်း ကျန်သေးတယ်။ စိတ်မကောင်းစရာပါ” လို့ ရွှေဘိုမြို့ဒေသခံတဦးက ပြောပါတယ်။
ရွှေဘိုခရိုင်အတွင်းက မြို့နယ်အများစုဟာ စစ်ကိုင်းတိုင်းအတွက် ဆန်စပါးအများဆုံးစိုက်ပျိုးတဲ့ မြို့နယ်တွေဖြစ်ပြီး စစ်ကောင်စီက နေ့စဉ်လိုလို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ တောင်ယာလုပ်ငန်းမလုပ်နိုင်တော့ဘဲ ရေရှည်မှာ အစားအသောက်အတွက် အခက်အခဲကြုံနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြို့ကြီးရွာမှာလည်း ဇူလိုင် ၁၂ ရက် ဒီနေ့ ညနေ ၄ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က ယင်းမာပင်မြှောက်ဘက်ကို ၃ နာရီ ၄၅ မိနစ်ကစထွက်တယ်။ လေးထောင်ရွာ၊ မြေကြက်ဆူရွာတွေဖြတ်ပြီး မြို့ကြီးကိုရောက်တယ်။ အဲလိုရောက်ပြီး မကြာဘူး PDF တွေနဲ့ ထိတွေမှု ခဏဖြစ်သေးတယ်။ အဲလိုဖြစ်ပြီး ၄ နာရီကြတော့ MI35 လေယာဉ်နဲ့ လာပစ်တော့တာပဲ။ လေယာဉ်ပေါ်ကနေ စက်လက်နက်နဲ့လည်းပစ်တယ်။ ဗုံးသီးတွေလည်းချတယ်။ အခု ၄ နာရီခွဲတဲ့အထိ လေယာဉ်က မပြန်သေးဘဲ ပစ်နေသေးတာ။ အထိအခိုက်ကတော့ လတ်တလော မသိနိုင်သေးဘူး” လို့ ဒေသခံရွာသူတဦးက ပြောပါတယ်။
အခုလိုပစ်ခတ်တာကြောင့် ဒေသခံများ ထိခိုက်မှုရှိနိုင်ပြီး ကျေးရွာအတွင်း ပိတ်မိတာလည်းများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်မာပင်မြို့နယ်ကို ဇူလိုင်လအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးရှာဖွေတာတွေ ခပ်စိတ်စိတ်လုပ်လာသလို ရဲတပ်ရင်း ၂၈ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။