ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၂ ရပ်ကွက်၊ ဇီဝစိုးလမ်းမှာ ဇူလိုင် ၁၁ ရက် ညနေက စွန့်ပစ်ခံထားရတဲ့ လူ ၁ ဦး အာဟာရပြတ် သေဆုံးခဲ့တယ်လို့ တောင်ဥက္ကလာပမြို့ခံ ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၀ အရွယ် အမျိုးသားဖြစ်ပြီး ဇူလိုင် ၁၀ ရက် နေ့လယ်ပိုင်းမှာ မြောက်ဒဂုံမြို့နယ်ဘက်ကနေ သစ္စာလမ်းတံတားအတိုင်း တံတားကူးလာတဲ့ ဘေးတွဲဆိုင်ကယ်ပေါ်ကနေ လာရောက်စွန့်ပစ်သွားတာလို့ သိရပါတယ်။
အေးချမ်းဖြူစင်မေတ္တာရှင်အသင်း ဥက္ကဋ္ဌက “ညနေ ၆ နာရီလောက်မှာ ရပ်ဖိရပ်ဖတဦးက ဖုန်းဆက်ပြောတာပါ။ ရောက်တဲ့အခါ တွေ့တော့ ကောင်လေးက အသက် ၃၀ လောက်ရှိမယ်။ အာဟာရပြတ်ပြီးတော့ လဲကျနေတာ။ သူ့ကိုလာချသွားချိန်က ၁၀ ရက်နေ့ မနက်ပိုင်းလောက်လို့ ပြောတယ်။ သူ့ပုဆိုးတွေက ရွှဲစိုပြီး မထနိုင်ဘူး။ အင်္ကျီတွေ ပုဆိုးတွေ လဲပြီးတော့ သတိက ရလိုက်၊ မရလိုက် ဖြစ်နေပြီ။ ဆေးရုံကို အမြန်ပို့ဖို့လုပ်ပေမဲ့ ကောင်လေးက အသက်မရှိတော့ဘူး” လို့ ပြောပါတယ်။
စွန့်ပစ်ခံရတဲ့နေ့ကတည်းက မြေပြင်ပေါ်မှာဖြစ်ပြီး ထမင်းတထုပ်၊ ရေတဘူး၊ ကျပ်ငွေအကြွေ ၁,၀၀၀ ခန့်နဲ့အတူ လာထားသွားတာလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဇူလိုင် ၁၁ ရက် ညနေ ၆ နာရီလောက်မှာမှ သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းတွေကို အကြောင်းကြားခဲ့တာကြောင့် သွားရောက်ကူညီခဲ့အပြီး ဆေးရုံပို့ဆောင်ဖို့ လုပ်ဆောင်ချိန်မှာ သေဆုံးသွားပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေကို အဆက်အသွယ်ရဖို့ လုပ်ဆောင်နေတယ်လို့ သိရပြီး ရုပ်အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၀ ရက်ကလည်း ပုဇွန်တောင်ဘူတာအနီး ရထားသံလမ်းမှာ အသက် ၅၀ အရွယ်ရှိ အမျိုးသား ၁ ဦး ပိုင်ရှင်မဲ့ သေဆုံးမှုကြောင့် နီးစပ်ရာအသင်းယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။