ရေနံစိမ်း တရားမဝင်တင်ပို့မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့ အီရန်အလံလွှင့် ရေနံတင် စူပါသင်္ဘောကြီးတစီးကို အင်ဒိုနီးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၁၁ ရက်မှာ ပြောပါတယ်။
အလွန်ကြီးမားလှတဲ့ အမ်တီအာမန်း ဝမ်းဝမ်းဖိုး ရေနံတင်သင်္ဘောကြီးဟာ အမေရိကန် ဒေါ်လာ ၃၀၄ သန်း တန်ဖိုးရှိတဲ့ ရေနံစိမ်းရည် မက်ထရစ်တန်ပေါင်း ၂၇၀,၀၀၀ ကျော်ကို တင်ဆောင်လာခဲ့ပြီး ခွင့်ပြုချက်မရရှိဘဲ ကင်မရွန်းအလံ လွှင့်တင်ထားတဲ့ တခြားရေယာဉ် MT S Tinos ကို လွှဲပြောင်းပေးတယ်လို့ သံသယရှိကြောင်း အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေးအေဂျင်စီ (ဘာကမ်လာ) က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း နာတူနာင်လယ်အနီးမှာ ဇူလိုင် ၇ ရက်က ရေနံတင်သင်္ဘောကြီး ၂ စင်းဟာ သင်္ဘောအချင်းချင်း ရေနံတွေ လွှဲပြောင်းပေးနေတဲ့ ဗီဒီယိုကို အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေးအေဂျင်စီ (ဘာကမ်လာ) က ရိုက်တာသတင်းဌာနကို ပေးပို့ထားပါတယ်။
ဘာကမ်လာရဲ့ အဆိုအရ အဲဒီသင်္ဘောကြီး ၂ စင်းလုံး ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြပြီး အာဏာပိုင်တွေဟာ မလေးရှားရေပိုင်နက်အတွင်း ရွက်လွှင့်သွားနေတဲ့ MT Arman ကို မလေးရှားအာဏာပိုင်တွေရဲ့ အကူအညီနဲ့ လိုက်ဖမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်တုန်းကလည်း အင်ဒိုနီးရှားဟာ အီရန်အလံနဲ့ ပနားမားအလံတွေ လွှင့်တင်ထားတဲ့ သင်္ဘောတွေကို အလားတူ စွပ်စွဲချက်တွေနဲ့ သိမ်းဆည်းခဲ့ဖူးပြီး အဲဒီသင်္ဘော ၂ စင်းရဲ့ ကပ္ပတိန်တွေကို အင်ဒိုနီးရှားတရားရုံးက ၂ နှစ်ကြာ စစ်ဆေးခဲ့ပါတယ်။
Source - Reuters