အမေရိကန်နိုင်ငံဟာ ထောက်လှမ်းရေး လေကြောင်းခရီးစဉ်နဲ့အတူ မိမိလေပိုင်နက်ထဲကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ဇူလိုင် ၁၀ ရက်မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ဒါကြောင့် ပြုံယမ်းအနေနဲ့ ဒီလေယာဉ်တွေကို ပစ်ချနိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ကိုရီးယားကျွန်းဆွယ်ကို နျူးကလီးယားစစ်ပွဲနဲ့ ပိုမိုနီးကပ်လာစေခဲ့တယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဆိုင်ရာ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက မှတ်ချက်ပေးပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ထုတ်ပြန်လိုက်တဲ့ ဒီကြေညာချက်ထဲမှာ အမေရိကန်ရဲ့ ကင်းထောက်လေယာဉ်တွေနဲ့ ဒရုန်းအသုံးပြုမှုကို ကိုးကားဖော်ပြထားပါတယ်။
ဒါ့အပြင် ကိုရီးယားကျွန်းဆွယ်အနီးမှာ နျူးကလီးယား ရေငုပ်သင်္ဘောတစင်းကို ဝါရှင်တန် အနေနဲ့ စေလွှတ်ခဲ့တာကြောင့် တင်းမာမှု မြင့်တက်လာစေခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားစစ်တပ်ကတော့ မြောက်ကိုရီးယားရဲ့ ဒီပြောဆိုချက်ဟာ မမှန်ကန်ဘူးလို့ တုံ့ပြန်ပါတယ်။
ဒီကျွန်းဆွယ်တဝိုက်မှာ အမေရိကန်ပိုင် စောင့်ကြည့်ရေး လေယာဉ်တွေက ပုံမှန်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားအပေါ် စောင့်ကြည့်နိုင်ရေးနဲ့ ပတ်သက်ပြီး မဟာမိတ်တွေအနေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း တောင်ကိုရီးယားဘက်က ဖြည့်စွက်ပြောပါတယ်။
Source - Reuters