ရန်ကုန်တိုင်းဒေသကြီးအတွင်း အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ အယောက် ၅၀၀ နီးပါးရှိပြီး ကလေးငယ် ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဦးစီးဌာနအသိုက်အဝန်းကနေ သိရပါတယ်။
၂၀၂၃ ခုနှစ် ခြောက်လတာကာလအတွင်း ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၈၃ ယောက်ရှိပြီး ကလေးငယ် ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"အဖြစ်များတာ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း အဲ့ဘက်တွေအ ဖြစ်များတယ်။ လှည်းကူးမှာလည်း အခုလ ဖြစ်တဲ့သူတွေများတယ်"လို့ ပြောပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်ရတာဟာ ချုံနွယ်တွေ ထူထပ်တာ၊ ရေစီးရေလာမရှိဘဲ မြောင်းတွေ ပိတ်နေတာနဲ့ အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်တာကြောင့် ဖြစ်တယ်လို့ ရွှေပေါက်ကံမြို့ခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"အရင်အစိုးရလက်ထက်က ရေမြောင်းတွေ ဖော်တာ၊ ပိုးလောက်လန်းစစ်တာ၊ အဘိတ်ဆေးခတ်တာတွေ ရှိတယ်။ အခုမရှိတော့ဘူး။ မြောင်းတွေပိတ် ရေတွေတက်၊ ရေစီးရေလာမရှိ ချုံတွေကပိတ်နေတော့ ခြင်က ပေါက်ချင်သလိုပေါက်နေတာ။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်တာ"လို့ ဝေဖန်ပြောဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁၇ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်တို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ခြောက်လတာ ကာလအတွင်းကလည်း မြန်မာနိုင်ငံတဝန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၈၃၅ ယောက်မှာ သေဆုံးသူ ၃၁ ယောက်ရှိပြီး ရောဂါအဖြစ်များတဲ့ ပြည်နယ်နဲ့တိုင်းတွေကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့ ဖြစ်ပါတယ်။