Home
ဆောင်းပါး
အာဏာသိမ်းစစ်ကောင်စီ၏ ဒစ်ဂျစ်တယ်အိုင်ဒီစနစ်ဖော်ဆောင်မှုနှင့် အမျိုးသားလုံခြုံရေး စိန်ခေါ်မှုများ
DVB
·
July 11, 2023

မကြာသေးခင်နှစ်တွေအတွင်းက ကမ္ဘာတဝန်းမှာရှိတဲ့ နိုင်ငံအများအပြားဟာ အမျိုးသားလုံခြုံရေး တိုးတက်ကောင်းမွန်လာစေဖို့ လိမ်လည်လှည့်ဖြားမှု လျှော့ချဖို့နဲ့ နိုင်ငံသားတွေ စီးပွားကဏ္ဍ အဆင်ပြေ တိုးမြင့်လာစေဖို့အတွက် ဒစ်ဂျစ်တယ် သက်သေခံစနစ်တွေပါဝင်တဲ့ နိုင်ငံသားအထောက်ထားကတ်စနစ်ကို ဖော်ဆောင်လာခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိ နိုင်ငံရေးအခြေအနေအရ အာဏာသိမ်းစစ်တပ်လက်အောက်မှာ ဒီလို အမျိုးသားဒစ်ဂျစ်တယ်အိုင်ဒီစနစ် အကောင်အထည်ဖော်တာဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ကြီးမားတဲ့ အန္တရာယ်တွေနဲ့အတူ အမျိုးမျိုးသော စိန်ခေါ်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

ဒစ်ဂျစ်တယ်အိုင်ဒီဆိုတာ လူတဦးချင်းစီရဲ့ ကိုယ်ရေးအချက်လက် လှုပ်ရှားမှုမှတ်တမ်း အထောက်အထားအားလုံးနဲ့ ဆက်စပ်နေတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သတ်မှတ်မှုတခု ဖြစ်တယ်။ အခုစနစ်ထဲမှာ အွန်လိုင်းဘဏ်လုပ်ငန်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု၊ ဆေးမှတ်တမ်းတွေ၊ မဲပေးတာနဲ့ လုံခြုံရေးစစ်ဆေးမှုလို ဒစ်ဂျစ်တယ်ဝန်ဆောင်မှု များစွာပါဝင်နေမှာဖြစ်ပြီး မိမိရဲ့လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ထားရှိမှာပဲဖြစ်တယ်လို့ ဒီစနစ်ကို ဖော်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက CDM လက်ထောက်ဦးစီးအရာရှိတဦးက ပြောပါတယ်။

ဒီနေ့ခတ်ဟာ ဒစ်ဂျစ်တယ်ခေတ်ဖြစ်တာနဲ့အညီပဲ လူတိုင်းဟာ မိမိတို့ရဲ့ နေ့စဥ်ဘဝမှာ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို စုံလင်စွာ အသုံးပြုလာကြတာနဲ့အမျှ အဆိုပါ ဒစ်ဂျစ်တယ် ဒေတာ အထောက်အထားတွေဟာ ပိုပြီး တန်ဖိုးရှိလာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးကို အထောက်အကူပြုနေတဲ့ ဒစ်ဂျစ်တယ်စနစ် လိုအပ်ချက်ဟာလည်း ဆက်လက်ကြီးထွားနေဦးမှာပါ။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အာဏာရှင်လက်အောက်မှာ ဒစ်ဂျစ်တယ်-အိုင်ဒီစနစ် ဖော်ဆောင်နေတဲ့ ကဏ္ဍနဲ့ပတ်သက်ပြီး အကြီးအကျယ် ဂယက်ရိုက်ခတ်မှုတွေနဲ့အတူ မြန်မာနိုင်ငံသူ နိုင်ငံသား အများအပြား စိုးရိမ်ပူပန်နေတဲ့ အီလက်ထရောနစ်နည်းဥပဒေကို ပြင်ဆင်သတ်မှတ်မှုတွေ ပြုလုပ်ခဲ့ပြီး  ဆန္ဒပြပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ဖိနှိပ်ခဲ့ပါတယ်။ ဒီမတိုင်ခင် ခေတ်အဆက်ဆက်တည်းက ရှည်လျားတဲ့ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ အခုအချိန်မှာ ပိုမိုပီပြင်လာခဲ့ပြီးတော့ နည်းပညာအသုံးပြုပြီး နိုင်ငံသားတွေကို စောင့်ကြည့် ထောက်လှမ်းမှုတွေကို ပိုမိုပြုလုပ်လာနေတာပါ။ လုံခြုံရေးအကာအကွယ် ကင်းမဲ့နေတဲ့ နိုင်ငံသားတွေဟာ စစ်ကောင်စီလက်အောက်မှာ အမျိုးသားလုံခြုံရေးကိစ္စတခုဖြစ်တဲ့ ဒစ်ဂျစ်တယ်သက်သေခံစနစ် အသုံးပြုဖို့အတွက် ဒွိဟဖြစ်နေပြီး ဒါဟာ စစ်တပ်ရဲ့ ကိုယ်ကျိုးအတွက် အသုံးပြုဖို့ အကောင်အထည် ဖော်နေတာလားလို့ မေးခွန်းထုတ်စရာပဲလို့ နည်းပညာရှင်တဦးက သုံးသပ်ထားပါတယ်။

နိုင်ငံတကာ ဒေတာကော်ပိုရေးရှင်း (IDC) ရဲ့ လေ့လာမှုတခုအရ မြန်မာနိုင်ငံက ဒစ်ဂျစ်တယ် နည်းပညာသုံး ဝန်ဆောင်မှုပေးနေတဲ့ ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍက အဖွဲ့အစည်းတွေရဲ့ ၃၃ ရာခိုင်နှုန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူတို့ရဲ့ ဝန်ဆောင်မှု သုံးစွဲသူတွေရဲ့ အချက်အလက် ပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အဖွဲ့အစည်းတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းအများစုဟာ သုံးစွဲသူ နိုင်ငံသားတွေရဲ့ ဒစ်ဂျစ်တယ်အိုင်ဒီကို လုပ်ငန်းရဲ့ ဝန်ဆောင်မှုကဏ္ဍ တစိတ်တပိုင်းအနေနဲ့ စုဆောင်းလေ့ရှိပြီး ဘိုင်အိုမက်ထရစ်ဒေတာလို့ ခေါ်တဲ့ ကိုယ်ရေးအချက်လက်တွေ၊ လက်ဗွေတွေ၊ ဓာတ်ပုံတွေနဲ့ တခြား ဇီဝရုပ်သွင်ဒေတာတွေ အပါအဝင် မိသားစုနဲ့ပတ်သက်တဲ့ အထိအရှမခံတဲ့ ကိုယ်ရေးရာဇဝင်မှတ်တမ်းတွေကို ရယူထားတာဖြစ်လို့ စစ်ကောင်စီလက်အောက်မှာ နိုင်ငံသားတဦးချင်းရဲ့ ကိုယ်ရေးအချက်လက်တွေကို လုံခြုံရေးအာမခံချက် မပေးနိုင်ဘူးဆိုရင် သုံးစွဲသူတွေရဲ့ အမျိုးသားလုံခြုံရေးအတွက် အလွန်အရေးကြီးတဲ့ ကိစ္စတခု ဖြစ်လာမှာပါ။

ကမ္ဘာ့ဘဏ်ရဲ့ ‘မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး - ထွန်းသစ်စ ဈေးကွက်တခုရဲ့ အလားအလာကို ဖွင့်လှစ်ခြင်း’ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာပါ စာရင်းနဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၅ သန်းအနက်က ၃၀ ရာခိုင်နှုန်းကပဲ တရားဝင် သက်သေခံ စာရွက်စာတမ်းတွေကို သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။ ဒါကို ထောက်ရှုမယ်ဆိုရင် မြန်မာနိုင်ငံက ပြည်သူအများအပြားရဲ့ အစိုးရဝန်ဆောင်မှုတွေကို လက်လှမ်းမီမှုဟာ အကန့်အသတ်နဲ့ရှိပြီး နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု၊ အခြေခံအဆောက်အုံတွေ နည်းပါးမှု၊ ဝန်ထမ်းမလုံလောက်မှုတွေကြောင့် နိုင်ငံတဝန်းမှာ အစိုးရယန္တရားတွေကို ကောင်းမွန်စွာ လည်ပတ်နိုင်စွမ်း မရှိသေးတာကို မြင်နိုင်ပါတယ်။ ဒါကြောင့် အခုလို အမျိုးသား ဒစ်ဂျစ်တယ် အိုင်ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ စစ်အစိုးရရဲ့ ကြိုးပမ်းမှုဟာ သန်းပေါင်းများစွာသော နိုင်ငံသားအားလုံးကို ဒစ်ဂျစ်တယ်အခြေပြုစနစ်နဲ့ လွှမ်းခြုံဖို့က မလွယ်ကူလှပါဘူး။ အခြေခံအားဖြင့် နည်းပညာကို ရယူဖို့ ခက်ခဲပြီး စစ်ကောင်စီလက်လှမ်းမမီတဲ့ ဒေသတွေမှာ ဖော်ဆောင်ဖို့ အလွန်ခက်ခဲပါလိမ့်မယ်။

စစ်ကောင်စီလက်အောက်က ဒစ်ဂျစ်တယ် အိုင်ဒီစနစ်ဟာ နိုင်ငံသားတွေရဲ့ ဒေတာလုံခြုံရေးအတွက် အလွန်စိုးရိမ်ရမှာဖြစ်ပြီး စစ်တပ်ဟာ ငြိမ်ဝပ်ပိပြားရေး လုပ်ဆောင်ချက်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေပါတယ်။ အများပြည်သူအသုံးပြုတဲ့ ဆက်သွယ်ရေးကွန်ရက်တွေကနေ “အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းသည် ဥပ‌ဒေအရ အရေးယူခံရနိုင်သည်။ (CCCT - အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့)”ဆိုတဲ့ သတိပေးမှုတွေကို ပေးပို့နေတာ၊ အွန်လိုင်းအသုံးပြုသူတွေ နေ့စဥ်သုံးစွဲနေတဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ အင်စတာဂရမ်၊ တယ်လီဂရမ်နဲ့ တခြား ဝက်ဘ်ဆိုက်တွေကို ကန့်သတ်ထားတာ၊ တော်လှန်ရေးကာလအတွင်း ထုတ်လုပ်ထားတဲ့ ကလစ်အပ်တွေ၊ ဂိမ်းတွေ၊ စာသင်ကြားနိုင်တဲ့ ပလက်ဖောင်းတွေနဲ့ ငွေပေးချေနိုင်တဲ့ အန်ယူဂျီပေး (NUG Pay) လို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို အသုံးပြုနေတယ်ဆိုရင် အကြမ်းဖက်တိုက်ဖျက်ရေး ရာဇဝတ်မှုဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ မှတ်တမ်းတွေရှိနေပြီး စစ်ကောင်စီဘက်က အဆင့်မြင့် ဒစ်ဂျစ်တယ်နည်းပညာတွေ အသုံးပြုပြီး စောင့်ကြည့်ချုပ်ကိုင်နေတယ်လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ် အိုင်ဒီစနစ် ဖော်ဆောင်တာဟာ စစ်အစိုးရရဲ့ ထိန်းချုပ်မှုကို ကျယ်ပြန့်လွယ်ကူစေပြီး နိုင်ငံသားတွေရဲ့ သွားလာလှုပ်ရှားမှုတိုင်းကို နည်းပညာအသုံးပြုပြီး စောင့်ကြည့်မှု တိုးမြင့်လာစေမှာ ဖြစ်တဲ့အပြင် သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လိုသလိုရယူပြီး အလွဲသုံးစားလုပ်ဖို့အတွက် ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒစ်ဂျစ်တယ်အိုင်ဒီစနစ် လွှမ်းခြုံမှုမရရှိသေးတဲ့ ဒေသတွေက တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်ကောင်စီက ဘယ်ပုံဘယ်နည်းတွေနဲ့ ခွဲခြားဆက်ဆံမလဲဆိုတာ မေးခွန်းထုတ်စရာ ပေါ်ပေါက်လာပါမယ်။ မြန်မာနိုင်ငံဟာ လျှပ်စစ်မီးနဲ့ အင်တာနက်လို အခြေခံဝန်ဆောင်မှုမျိုးကို မကြာခဏ ကန့်သတ်မှုတွေ ပြုလုပ်နေတာကြောင့် နိုင်ငံသားတိုင်းကို ဒစ်ဂျစ်တယ်ဂေဟစနစ်မှာ ပါဝင်စေဖို့ ခက်ခဲပါတယ်။ စစ်အာဏာမသိမ်းမီကတည်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစုတွေအပေါ် ပိုမိုဘေးဖယ်ထားပြီး ခွဲခြားဆက်ဆံခဲ့တဲ့ သာဓကတွေထဲက ထင်ရှားတဲ့ ရိုဟင်ဂျာကိစ္စမှာ ဆိုရင်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဆိုအရ ရိုဟင်ဂျာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ပေမဲ့ နိုင်ငံသားဖြစ်ခွင့်ကို စနစ်တကျ ငြင်းပယ်ခံရပြီး နေထိုင်သွားလာခွင့်၊ ပညာသင်ယူခွင့်နဲ့ ဆက်စပ် သက်သေခံစာရွက်စာတမ်းတွေကို ဆယ်စုနှစ်များစွာကြာအောင် တောင်းဆိုနေရဆဲ ဖြစ်တယ်။ ဒါဟာ  အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ ဒစ်ဂျစ်တယ် အိုင်ဒီစနစ်ကို အကောင်အထည်ဖော်နေတာက ဒီလို လူနည်းစု တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ အလေ့အကျင့်တွေကို ပိုမိုခိုင်မာစေနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

အခု ၂၀၂၃ ခုနှစ်အတွင်းမှာတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲတရပ်ဆင်နွှဲဖို့ စိုင်းပြင်းနေပြီး တဆက်တည်းမှာပဲ အီလက်ထရောနစ် မှတ်ပုံတင် e-ID ပြုလုပ်ဖို့အတွက် နိုင်ငံသားတဦးချင်းရဲ့ Biometric Data (ဇီဝဆိုင်ရာအချက်အလက်) တွေ ကောက်ယူဖို့အတွက် သင်တန်းပို့ချခဲ့တာ ၇ ကြိမ်၊ Biometric Data ကောက်ယူတာ ၂၂ ကြိမ်၊ သန်းခေါင်စာရင်းဆိုင်ရာ လုပ်ဆောင်မှု ၃ ကြိမ်နဲ့ ပန်းခင်းစီမံချက် ဆိုတဲ့ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးတဲ့ လုပ်ငန်း ၂ ကြိမ်ကို လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

၁၄ ရက်တွင်း Biometric Data ကောက်ယူတာကိုတော့ နေပြည်တော် လယ်ဝေးမြို့နယ်မှာ ၆ ကြိမ်၊ ပုဗ္ဗသီရိမြို့နယ်မှာ ၂ ကြိမ်၊ ဇမ္ဗူသီရိမြို့နယ်မှာ ၁ ကြိမ်၊ တပ်ကုန်းမြို့နယ်မှာ ၂ ကြိမ်၊ မွန်ပြည်နယ် မော်လမြိုင်မှာ ၁ ကြိမ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမှာ ၂ ကြိမ် အပါအဝင် မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Biometric Data ကောက်ယူတဲ့ သင်တန်းတွေကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်နဲ့ တနင်္သာရီတိုင်းတို့မှာ ပြုလုပ်ခဲ့ပြီးတော့ သန်းခေါင်စာရင်းဆိုင်ရာ Census Units တွေ ရေးဆွဲတာကိုတော့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွေမှာ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်လို့ BACS ရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ထုတ်ပြန်တဲ့ စစ်တမ်းတရပ်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ ထောင်သွင်းအကျဉ်းချပစ်တာ၊ သတင်းမီဒီယာလောကကို လွတ်လပ်စွာ ပြောဆို ဖော်ထုတ်ခွင့်မရအောင် ပစ်မှတ်ထားပြီး အရေးယူပိတ်သိမ်းနေတာတွေကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုပြီး ခြေရာခံမှုတွေကို ဒစ်ဂျစ်တယ် ပလက်ဖောင်းများစွာပေါ်ကနေ ပြုလုပ်နေတာကြောင့် အခုကာလမှာတောင် ပြည်သူတချို့ အနေနဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို အသုံးပြုဖို့ ကြောက်ရွံ့တွန့်ဆုတ်နေကြတာပါ။

အချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်မှာ ဒစ်ဂျစ်တယ် မှတ်ပုံတင်စနစ်ကို အကောင်အထည် ဖော်နေတာကြောင့် နိုင်ငံသူ နိုင်ငံသားတွေအတွက် သိသာထင်ရှားတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်တွေနဲ့ စိန်ခေါ်မှုတွေကို သယ်ဆောင်လာမှာပါ။ ဒီမှတ်ပုံတင်စနစ်ဟာ စနစ်အားဖြင့် အမျိုးသားလုံခြုံရေးကို တိုးတက် ကောင်းမွန်စေတယ် ဆိုပေမဲ့ အာဏာသိမ်းထားသမျှ ကာလပတ်လုံး အခုစနစ်ကို အကောင်အထည်ဖော်တာဟာ သာတူညီမျှဖြစ်ပြီး နိုင်ငံသားတွေရဲ့ ဒေတာနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ဖို့ ဘယ်လိုအာမခံချက်တွေမှ မရှိ နေတာကြောင့် အထူးစိုးရိမ်ဖွယ် ကောင်းပါတယ်။

ထပ်ပြီး နိုင်ငံရဲ့ အားနည်းနေသေးတဲ့ ဒစ်ဂျစ်တယ်ဂေဟစနစ်၊ နည်းပညာနဲ့ အခြေခံဝန်ဆောင်မှုတွေကို လက်လှမ်းမီမှု အကန့်အသတ်ဖြစ်မှု၊ လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကြောင့် စစ်ကောင်စီအနေနဲ့ ဒီစနစ်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မယ်ဆိုတာ မသေချာပေမဲ့ အနာဂတ်မှာ ဒစ်ဂျစ်တယ်အခြေပြု ဗဟိုချုပ်ကိုင်မှုနဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုရဲ့ နောက်ဆက်တွဲ စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးဂရုပြုရတော့မှာပဲ ဖြစ်ပါတယ်။

သီဟနိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024