ထိုင်းနိုင်ငံတွင်းမှာ ပြောင်းဈေး ကျလာတာကြောင့် ထိုင်းနိုင်ငံကို အများအပြား တင်ပို့နေတဲ့ မြန်မာ့ ပြောင်းဈေးလည်း ဆက်တိုက်ကျဆင်းနေပြီး အခုအခါမှာ ၆ လအတွင်း အနိမ့်ဆုံးဖြစ်နေတယ်လို့ ပြောင်းဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
မြဝတီ အခြေစိုက် ပြောင်းကုန်သည်တဦးက "ထိုင်းပြောင်းစျေး ဆက်တိုက်ကျတယ်။ ၂၀၂၃ ဖေဖော်ဝါရီလကနေ ဒီနေ့အထိ အဆိုးဆုံး အနေအထားထိ ကျသွားတာ" လို့ ပြောပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်အရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဩဂုတ်လကုန်အထိ မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံအတွင်း အခွန်လွတ် တင်ပို့ခွင့် ရရှိထားတာဖြစ်ပါတယ်။
လက်ရှိမှာ အခွန်လွတ် တင်ပို့ခွင့် ကာလ ၂ လ နီးပါး ကျန်ရှိနေသေးပေမယ့် ထိုင်းနိုင်ငံရဲ့ ပြည်တွင်း ပြောင်းစျေးနဲ့အတူ မြန်မာပြည်တွင်း ပြောင်းစျေးလည်း အကျဘက်ကို ဦးတည်လာတာလို့ ကုန်သည်တွေထံက သိရပါတယ်။
ပြောင်းကုန်သည်တဦးက "ထိုင်းနိုင်ငံမှ ပြောင်းစျေးကောင်းပေးဝယ်တဲ့ အချိန်ကို ကျော်သွားပြီး စျေးအကျဆင်းဆုံး အချိန်ကို ရောက်သွားတာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဆောင်းပြောင်းပေါ်စ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောင်းဆန် ၁ ပိဿာကို ရန်ကုန်စျေး ငွေကျပ် ၁၃၀၀ ကျပ်ထိ ရှိခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ငွေကြေးမူဝါဒတွေ၊ ပို့ကုန်၊ ထုတ်ကုန်မူဝါဒ အပြောင်းအလဲတွေနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ပြောင်းစျေးကွက် ကျဆင်းနေခဲ့တာပါ။
ငွေလဲနှုန်းနဲ့ ထိုင်းဝယ်စျေး အမြင့်ကြောင့် ပြီးခဲ့တဲ့ ဇွန်လလယ်ပိုင်းကတော့ ၁ ပိဿာကို ငွေကျပ် ၁၂၄၀ ကျပ်ထိ ပြည်တွင်းပြောင်း အနည်းငယ် ဈေးမြင့်လာခဲ့ပေမယ့် တဖြည်းဖြည်း ပြန်ကျဆင်းလာပြီး လက်ရှိမှာ ၁ ပိဿာကို ရန်ကုန်စျေး ၁၁၇၀ ကျပ်အထိ ထိုးဆင်းနေပါတယ်။
ပြောင်းကို ပြည်ပတင်ပို့တာအပြင် မန္တလေးမြို့နဲ့ ရန်ကုန်မြို့မှာရှိတဲ့ အစာစပ်စက်ရုံတွေ ဒေသတွင်းမွေးမြူရေးလုပ်ငန်းတွေကလည်း ဝယ်ယူကြပါတယ်။
ပြည်ပတင်ပို့မှုအနေနဲ့ ထိုင်းနဲ့တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေး စခန်းတွေကတဆင့် တင်ပို့ပြီး ပင်လယ်ရေကြောင်းကနေ အိန္ဒိယ၊ ဖိလစ်ပိုင် ၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်နဲ့ အာဖရိကတို့ကို တင်ပို့နေတယ်လို့ ပြောင်းစျေးကွက်ကတဆင့် သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်က ကမ္ဘာ့ပြောင်းစျေးနှုန်းကျဆင်းနေတဲ့အပြင် စစ်ကောင်စီရဲ့ ပို့ကုန် တင်ပို့မှုလုပ်ထုံးလုပ်နည်း မူဝါဒ ပြောင်းလဲတွေနဲ့ ဒေါ်လာငွေလဲလှယ်မှု စျေးနှုန်းကွာဟချက်ကြောင့် ပြောင်းကုန်သည်တချို့ တင်ပို့မှုယာယီ ရပ်နားခဲ့ရပြီး ပြောင်းစျေးနှုန်းကလည်း ၁ ပိသာကို ရန်ကုန်စျေး ၆၀၀ကျပ် အထိ ကျဆင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လပိုင်းကလည်း မြဝတီ နယ်စပ်ကုန်သွယ်ရေးမှာ Form D ထုတ်မရတဲ့ ပြဿနာကြောင့် ထိုင်းနိုင်ငံကို တင်ပို့မယ့် ပြောင်းကား အစီးရေ ၅၀၀ ကျော်ဟာ နယ်စပ်မှာ သောင်တင်နေခဲ့ပြီး ကုန်သည်တွေ ဆုံးရှုံးနစ်နာခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့ပါတယ်။