Home
မြန်မာသတင်း
ချင်းတောင်လမ်းကို စစ်တပ်က ပိတ်ထားသဖြင့် ကလေးမြို့ ၌ စားသောက်ကုန်ဈေးနှုန်း မြင့်တက်
DVB
·
July 10, 2023

ချင်းတောင်တက်တဲ့လမ်းကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အခြေခံစားသောက်ကုန်ဈေးတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဇူလိုင် ၃ ရက်က စတင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကလေး-သိုင်းငင်းလမ်းကို စစ်ကောင်စီက ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။

ချင်းတောင်တက်တဲ့လမ်း ပိတ်ထားတာကြောင့် ချင်းတောင်ထွက် စားသောက်ကုန်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ အာလူး၊‌ ဂေါ်ရခါးသီး၊ ကြက်သွန်နီနဲ့ ဂေါ်ဖီထုပ် ဈေးတက်လာတယ်လို့ ဈေးသည်တွေနဲ့ ဝယ်ယူသူ‌တွေက ပြောပါတယ်။

ဈေးဝယ်တဲ့ အိမ်ရှင်မတဦးက “အခုရက်ပိုင်း တဖြည်းဖြည်း ဈေးတက်လာတာ။ ကားလမ်း‌တွေပိတ်လို့ ကုန်ပစ္စည်းတွေမဝင်လို့ ဈေးတက်တာလို့ ပြောကြတယ်။ ခရမ်းချဉ်သီးဆို အစိတ်သား ၁,၂၀၀ ထိကို မြင့်သွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လမ်းကြောပိတ်တာ ရက်သတ္တတပတ်ရှိနေပြီဖြစ်ပြီး ခရမ်းချဉ်သီး အရင်ဈေး ၁ ပိသာ ၁,၂၀၀ ဝန်းကျင်ကနေ ၄,၅၀၀၊ အာလူး ၁ ပိသာ ၂,၀၀၀ ဝန်းကျင်ကနေ ၄,၀၀၀၊ ဂေါ်ဖီထုပ် ၁  ပိသာ ၂,၀၀၀ ဝန်းကျင်ကနေ ၅,၀၀၀ နဲ့ ကြက်သွန်နီ ၁ ပိသာ ၂,၀၀၀ ဝန်းကျင်ကနေ ၃,၀၀၀ ကျော်အထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

စစ်‌ကောင်စီက ချင်းတောင်ကိုတက်တဲ့ ကားတွေကို ပိတ်ထားပြီး ဆင်းတဲ့ကားတွေကို ခွင့်ပြုပေမဲ့ အပြန် လမ်းမရတာကြောင့် တောင်ပေါ်ကား‌တွေ မဆင်းခဲ့ဘူးလို့ သိရပါတယ်။

ချင်းတောင်တက်တဲ့ကားတွေကို ဒီနေ့အထိ ပိတ်ပင်ထားတဲ့ အခြေအနေကို စစ်ကောင်စီအနေနဲ့ တစုံတရာ ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။ 

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးဟာလည်း စံချိန်တင်ကျဆင်းနေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာလည်းဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024