မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ အခုမိုးရာသီကာလ ငှက်ဖျားရောဂါတကျော့ပြန် အဖြစ်များလာပြီး နယ်တွေမှာ ဆေးဝါးမလုံမလောက်ဖြစ်နေတယ်လို့ သိရပါတယ်။
ရေးချောင်းဖျားဒေသဘက်မှာ အများဆုံးဖြစ်ပွားနေပြီး အခုဆိုရင် ကျေးလက် အစွန်အဖျားဘက်သာမက မြို့ပေါ်ရပ်ကွက်တွေအထိ ဖြစ်လာတာကို တွေ့ရတယ်လို့ ကျန်းမာရေးလုပ်သားတယောက်က ပြောပါတယ်။
“ရွာမှာဖျားနာတာဖြစ်ရင် လူ ၁၀ ယောက်မှာဆို ၈ ယောက်လောက် ငှက်ဖျား ဖြစ်ကြတယ်။ ငှက်ဖျားဆေးဝါးတွေက ဒီဘက်နယ်မှာ အရပ်ဖက်လူမှုအဖွဲ့စည်းတွေက ပေးထားတာရှိနေတယ်။ ဒါပေမဲ့ ရွာတွေမှာ ရောဂါဖြစ်ကြတာများတော့ ငှက်ဖျားဆေး မလုံလောက်တာနဲ့ကြုံရတယ်” လို့ ပြောပါတယ်။
ဆရာဝန်တယောက်ကလည်းငှက်ဖျားရောဂါဖြစ်တာဟာ ပေါ့ဆလို့မရဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ အချိန်မီကုသနိုင်မှ အသက်အန္တရာယ်ကနေ စိုးရိမ်ရတာ လွတ်ကင်းမယ်လို့ ပြောပါတယ်။
ငှက်ဖျားရောဂါဟာ ရေးမြို့နယ်မှာ ထိုင်းရွှေ့ပြောင်းလုပ်သားတွေကတဆင့် ကူးစက်လာနေတာဖြစ်ပြီး ဆယ်စုနှစ်တခုကြာလောက် ငှက်ဖျားရောဂါကင်းစင်သွားပြီးမှ အခုနှစ်မှာ ထပ်မံတကျော့ပြန်ဖြစ်လာခဲ့တာပါ။