လအနည်းငယ်ကြာ တိုက်ပွဲတွေငြိမ်သက်နေခဲ့တဲ့ မန္တလေးတိုင်း၊ မတ္တရာနယ်ထဲမှာ တိုက်ပွဲတွေပြန်ဖြစ်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက်တာတွေရှိတဲ့ မတ္တရာ ပ.က.ဖ ဆီက သိရပါတယ်။
မတ္တရာမြို့နယ်အရှေ့ပိုင်း၊ လမိုင်းအုပ်စု၊ ကြပ်ပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၇ ရက်နေ့က နှစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် ဦးခေါင်းထိမှန် သေဆုံးခဲ့တယ်လို့ ပကဖ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားရာနေရာကို ညနေ ၄ နာရီမှာ M-9 နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သလို ညနေ ၅ နာရီကျော်မှာ အနီးကပ်ဆုံးနေရာအထိ ချဥ်းကပ် တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
ပကဖ တာဝန်ရှိသူတယောက်က "ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်တခုအနေနဲ့ တိုက်ပွဲ ဖော်ဆောင်ရမယ်ဆိုပြီးတော့ ကျနော်တို့ တပ်ဖွဲ့နှစ်ခု ချဉ်းကပ်တယ်ပေါ့နော်။ အရပ်မျက်နှာနှစ်ခုကနေ တပ်ဖွဲ့နှစ်ခု ချဉ်းကပ်တယ်။ ချဉ်းကပ်ပြီးတော့မှ M9 နဲ့ စတင်ပစ်ခတ်ခဲ့တယ်။ ပြီးတော့ သူတို့ အပြင်ထွက်လာတဲ့အချိန်မှာမှ အနီးကပ်ဆုံးပေါ့၊ မီတာ ၂၀၀ လောက်ထိ ချဉ်းကပ်ပြီးတော့မှ ကျနော်တို့ စပစ်တယ်။ ပထမဆုံး စတင်ပစ်တဲ့အချက်က စကစကို ဦးခေါင်းထိမှန်ပြီး ချက်ခြင်းကျတယ်"လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေက သေနတ်အချက် ၁၀၀၀ ကျော်၊ အီနာဂါ ၃ လုံး ၊ RPG-7 ၁ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပကဖ ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကင်းကျေးရွာမှာ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်တွေကို ဇူလိုင် ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ သုံးရက်ကြာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၃ ရက်နဲ့ ၄ ရက်နေ့တို့ကလည်း မတ္တရာအရှေ့ပိုင်းနယ်၊ ကင်းကျေးရွာ မြောက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတယောက်ရဲ့ တိုက်အိမ်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကြီးနဲ့ ၃ ကြိမ်၊ ဒရုန်းနဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကိုတိုက်ရိုက်ထိမှန်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်သေဆုံး၊ ၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ ဟင်္သာကုန်း ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြင်းခတ်နေတုန်း ပ.က.ဖ-မတ္တရာရဲ့ မြစ်ကြောင်းတာဝန်ခံဦးစီးတဲ့ ဒရုန်းတပ်စိတ်က ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မတ္တရာ(ပကဖ)က ထုတ်ပြန်ထားပါတယ်။
လက်တလောမှာ စစ်ကောင်စီတပ်တွေဟာ မတ္တရာအရှေ့ပိုင်းနယ်အတွင်း စစ်ကြောင်း ၃ ကြောင်းထိုးထားပြီး ကြပ်ပြင်ကျေးရွာမှာ အင်အား ၄၀ လောက်၊ မြောင်းသစ်ကျေးရွာမှာ အင်အား ၆၀ လောက်နဲ့ ဆည်တော်ကြီး ဆိုလာစက်ရုံမှာ အင်အား ၄၀ လောက် ဖြန့်ကျက်တပ်စွဲထားတယ်လို့ သိရပါတယ်။