ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဇူလိုင် ၈ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ကလေးမိခင်တယောက်၊ မိန်းကလေးငယ်တယောက်နဲ့ အဖွားအိုတယောက်သေဆုံးခဲ့တယ်လို့ CDF-မင်းတပ်ဆီကနေ သိရပါတယ်။
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၂ က ဝုမ်းခုမ်ရွာကို မနက် ၁၁ နာရီခွဲလောက်မှာ စစ်တပ်က တိုက်လေယာဥ်တစီးနဲ့ ဗုံး ၃ ကြိမ်ကြဲတိုက်ခိုက်သလို မင်းတပ်မြို့ပေါ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က ဒီဗွီဘီကို ပြောပါတယ်။
"အဲဒီနေရာမှာ ဘာမှတိုက်ပွဲရှိတာမဟုတ်ဘူး။ CDF တွေရဲ့ လှုပ်ရှားမှုလည်းမရှိဘူး။ တိုက်ပွဲရှိလို့ လေကြောင်းတိုက်ခိုက်မှုလုပ်တယ်ဆိုရင်တော့ တမျိုးပေါ့" လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတယောက်၊ အသက် ၃၀ ကျော်အရွယ် နို့တိုက်မိခင်တယောက်နဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးပြီး လူလတ်ပိုင်းအမျိုးသားတယောက် အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ စာကြည်တိုက်နဲ့ နေအိမ် ၁၀ လုံးလောက်ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီထဲက နေအိမ် ၄ လုံးကတော့ လုံးဝနေလို့မရအောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဝုမ်းခုမ်ကျေးရွာမှာ အိမ်ခြေ ၇၀ လောက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုခံခဲ့ရလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ CDF-မင်းတပ်ဆီကကနေသိရပါတယ်။