Home
မြန်မာသတင်း
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ကိုင်ခွင့်သက်တမ်း ယခုလကုန်ထိ တိုးနိုင်
DVB
·
July 8, 2023

ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့က ရွှေ့ပြောင်းလုပ်သားတွေအတွက် တရားဝင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုး ကိစ္စတွေကို ဇူလိုင် ၃၁ ရက်အထိ လုပ်ဆောင်ဖို့ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပါတယ်။

ဒီ အစီအစဉ်မှာ ၄ နှစ်ပြည့်၊ ၆ နှစ်ပြည့် MoU လုပ်သားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းကုန်သူတွေ၊ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုး မမီလိုက်သူတွေနဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေ အားလုံးကို လုပ်ဆောင်ခွင့် ပြုလိုက်တယ်လို့ ပါရှိပါတယ်။

ဒီသတင်းက ထိုင်းနိုင်ငံတွင်း ရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် သတင်းကောင်းဖြစ်တာကြောင့် ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး အထောက်အထားရအောင် လျှောက်ကြဖို့ ထိုင်းအခြေစိုက် အလုပ်သမား အခွင့်အရေး ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောပါတယ်။

LRF အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်းရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးအောင်ကျော်က “ကျနော်တို့ ဒီအခွင့်အရေးကို စောင့်ဆိုင်းနေကြတာ။ ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သား အားလုံး၊ အားလုံးဆိုတာ ကျနော်တို့ တနိုင်ငံတည်း မဟုတ်ဘူး။ တခြား နိုင်ငံတွေလည်းရှိတယ်။ အဲဒီတော့ ဒီအခွင့်အရေးဟာ ကျနော်တို့ အားလုံး သုံးသပ်ထားတာ အစိုးရသစ် ရောက်လာမှ ဖြစ်လာမယ်။ အတော်ကြာ စောင့်ဆိုင်းရမယ်လို့ ထင်ထားချိန်မှာပဲ အစိုးရဟောင်းက ငဲ့ညှာ ထောက်ထားပြီး အခုလို တိတိကျကျ အမိန့်တစုံတရာ ထွက်လာတာ အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံမှာ အများဆုံးဖြစ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး အမြန်ဆုံး အလုပ်သမားဝန်ကြီးဌာနဆီမှာ အမြန်ဆုံး လျှောက်လွှာ တင်ကြပါလို့ ပြောချင်တယ်” လို့ ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအတွက် နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုး ကိစ္စတွေကို မေလ ၁၅ ရက်အထိ နောက်ဆုံးထား လုပ်ပေးခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ဗီဇာသက်တမ်းတိုးမမီလိုက်တဲ့ လုပ်သား ၅ သိန်းကျော်လောက် ကျန်ရှိတာကြောင့် ထိုင်းအစိုးရက ထပ်မံ ဖြေလျှော့လိုက်တာပါ။

ထိုင်းနိုင်ငံတွင်းရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေ ဒီအစီအစဉ်မှာ ပါဝင်အောင် အထောက်အထား လျှောက်ထားသင့်ပြီး သက်တမ်းပြည့် MoU လုပ်သားတွေအနေနဲ့ စစ်အာဏာရှင်လက်အောက်မှာ နေရပ်ပြန်ဖို့ ခက်ခဲတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) က ပြောပါတယ်။

ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက “၃၁ ရက်နေ့ မူဘောင်စည်းမျဉ်းထဲ ဝင်သွားရင် တရားဝင်လုပ်သား ဖြစ်သွားပြီ။ ပြောမယ်ဆိုရင် ထိုင်းရောက်တဲ့ နောက်တိုးမြန်မာတွေ ဒီအခွင့်အရေးကို အပိုင်အနိုင်ဆုပ်ကိုင်ဖို့ ကောင်းတယ်။ ငွေရေးကြေးရေး ကုန်ကျစရိတ် မတွက်နဲ့၊ မိမိ တရားဝင် ထိုင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရအောင် ဒီအခွင့်အရေးကောင်းကို ဆုပ်ကိုင်သင့်တယ်။ ဘာပဲပြောပြော ရက်ပိုင်းပဲရရ စာရင်းတင်ထားသင့်တယ်” လို့ ပြောပါတယ်။

ထိုင်းအစိုးရ ခွင့်ပြုလိုက်တဲ့အစီအစဉ်ဟာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေအတွက် ထိုင်းအလုပ်သမား ဥပဒေနဲ့ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၆ ရက်မှာ ထိုင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

အခု အစီအစဉ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို မှီခိုနေတဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေလည်း အကျုံးဝင်ပါတယ်။ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးဖို့ ကျန်နေတဲ့ ရွှေ့ပြောင်းလုပ်သားဦးရေ ၅ သိန်းကျော် ရှိပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း သိန်းနဲ့ချီ ရှိနေပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား အရေအတွက် ၅ သန်းနီးပါးရှိပြီလို့  အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ - BNI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024