အီတလီနိုင်ငံ မြို့တော် မီလန် အရှေ့တောင်ဘက်ရှိ ကော်ဗက်တိုရပ်ကွက်က အငြိမ်းစားဂေဟာမှာ ဇူလိုင် ၆ ရက်က တညလုံး မီးလောင်ကျွမ်းမှုကြောင့် လူ ၆ ဦး သေဆုံးပြီး အနည်းဆုံး ၆၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီတလီ အရေးပေါ်ဝန်ဆောင်မှုဌာနက ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲက လူ ၃ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတင်ထားရပြီး ၁၅ ဦးကတော့ ပြင်းထန်ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရထားကြောင်းနဲ့ အယောက် ၅၀ လောက်ကတော့ ပေါ့ပေါ့ပါးပါး ဒဏ်ရာတွေ ရရှိထားကြောင်း အမျိုးသားမီးသတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူကာ ကာရီက ရိုက်တာသတင်းဌာနကို အတည်ပြု ပြောပါတယ်။
မီးကို အမြန်ငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ မီးခိုးငွေ့တွေ ထွက်နေတာကြောင့် ဂေဟာနေသူတွေ အများအပြား မူးဝေသွားကြကြောင်း မီလန်မြို့တော်ဝန် ဂျိုဆက်ပဲဆာလာက အခင်းဖြစ်ပွားရာ နေရာက သတင်းထောက်တွေကို ပြောပြပါတယ်။
ဇူလိုင် ၇ ရက် မနက်ပိုင်းမှာတော့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေပြီး မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
Source - Reuters